သတိုး
၂၉. ၉. ၂၀၂၅
NLD ပါတီက မဲမသမာမှုလုပ်သည်ကို မဖြေရှင်းသည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပါ ကျော်လွန်ဖောက်ဖျက်ပြီး လွှတ်တော်ကိုပါ ပိတ်သိမ်းလိုက်ရာမှ စတင်ခဲ့သော အာဏာထိန်းသိမ်းမှုကြောင့် NLD ပါတီနှင့် ယင်းကို ထောက်ခံသောသူများက နိုင်ငံနှင့် ပြည်သူကို ဖျက်ဆီးသတ်ဖြတ်ရာမှ နိုင်ငံပိုင်အဆောက်အအုံများနှင့် ပြည်သူ သိန်းသောင်းချီ သေကြေ ပျက်စီးရမှုများဖြစ်ပေါ်နေဆဲကာလတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) အနေဖြင့် တိုင်းပြည်ပြန်လည်တည်ဆောက်ပေးရန် အဆင်သင့်ဖြစ်နေပြီဟု USDP ဥက္ကဋ္ဌ ဦးခင်ရီက ထုတ်ဖော် ပြောကြားလိုက်သည်။

ဦးခင်ရီ၏ အဆိုပါ ပြောကြားချက်ကို ယမန်နေ့ စက်တင်ဘာ ၂၈ ရက်ညက ၎င်း၏ “တိုင်းပြည်တည်ငြိမ်ဖို့၊ သာယာဝပြောဖို့၊ လူသားအားလုံး အနာဂတ်တွေလှစေဖို့၊ ပြန်လည်တည်ဆောက်ပေးဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ” ဟူသော ခေါင်းစဥ်ဖြင့် လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့ခြင်းဖြစ်ပြီး “ကျွန်တော်တို့နိုင်ငံဟာ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ အတ္တနိုင်ငံရေးသမားတွေရဲ့ အတွေးအခေါ်တွေကြောင့် အကြမ်းဖက်မှု ပဋိပက္ခတွေကြားမှာ လူသားအားလုံးရဲ့ အနာဂတ်တွေ၊ မျှော်မှန်းချက်တွေ၊ ကြောက်လန့်တုန်လှုပ်မှု စတာတွေဟာ အချိန်ကာလတစ်ခုကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ လာမယ့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပမဲ့ ရွေးကောက်ပွဲကြီးဟာ အဲဒီအခြေအနေတွေအားလုံးကို အဆုံးသတ်ပေးနိုင်တဲ့လုပ်ရပ်လို့ ကျနော် အခိုင်အမာယူဆပါတယ်။ တိုင်းပြည် တည်ငြိမ်ဖို့၊ သာယာ၀ပြောဖို့၊ လူသားအားလုံးနဲ့ လူငယ်လူရွယ်တွေရဲ့ အနာဂတ်တွေ လှပစေဖို့ ပြန်လည်တည်ဆောက်ပေးဖို့ ဒါတွေပဲဖြစ်ပါတယ်။ အရှုပ်အထွေးတွေ၊ အချိုးအကွေ့တွေနေရာမှာ ကျနော်တို့ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့ အကြုံ၊ ထမ်းဆောင်ခဲ့တဲ့ တာဝန်၀တ္တရားတွေရဲ့ အတွေ့အကြုံ၊ စဉ်ဆက်မပြတ် လေ့လာနေတဲ့ ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးချက်တွေအရ ဒီပြဿနာတွေကို ကျွန်တော်တို့ ကောင်းစွာ ကိုင်တွယ် ဖြေရှင်းပေးနိုင်တဲ့ ခိုင်မာတဲ့ စီမံချက်တွေ ကျွန်တော်တို့မှာ ရှိပါတယ်” ဟု ဦးခင်ရီက ထည့်သွင်း ပြောဆိုသည်။
လာမည့်ရွေးကောက်ပွဲ အပိုင်း (၁) တွင် မဲဆန္ဒနယ် ၇၁၂ နယ် ကျင်းပမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် (၂၇၄) နယ်၊ အမျိုးသားလွှတ်တော်အတွက် FPTP စနစ်ဖြင့် ကျင်းပမည့် မဲဆန္ဒနယ် (၇၅) နယ်၊ PR စနစ်ဖြင့် ကျင်းပမည့်နယ် (၂၆) နယ် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် FPTP စနစ်ဖြင့် (၂၆၆) နယ်၊ PR စနစ်ဖြင့် (၄၂) နယ်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး အတွက် (၂၉) နယ် ရွေးကောက်ပွဲကျင်းပသွားမည်ဖြစ်ကာ မြို့နယ် (၅၆) မြို့နယ်က လွှတ်တော် (၃) ရပ်အတွက် မဲဆန္ဒနယ် (၁၂၁) နယ်မှာ ရွေးကောက်ပွဲကျင်းပမည်မဟုတ်ကြောင်းလည်း ရွေးကောက်ပွဲ ကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ ရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၉၆၃ ဦး အမည်စာရင်း တင်သွင်းထားပြီး ထိုတင်သွင်းမှုတွင် USDP ပါတီက ၁၀၁၈ ဦးဖြင့် အများဆုံး ပါဝင် ယှဥ်ပြိုင်မည်ဖြစ်ကာ USDP ပါတီအနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် အရည်အချင်းရှိ လူပုဂ္ဂိုလ်များ အပြည့်အဝရှိသည်ဟုလည်း ဦးခင်ရီက ပြောကြသည်။

“နားထောင်ကောင်းရုံသက်သက် ဆောင်ပုဒ်တွေလို အလွတ်ရွတ်ပြနေရမယ့်အစား တကယ့်ကို အရွေ့ရှိတဲ့ ရလဒ်ကောင်းတွေ ပေါ်ထွက်လာတာနဲ့အတူ ဒီရလဒ်တွေကို အချိန်ကန့်သတ်ချက် Time Frame သတ်မှတ်ချက်တွေနဲ့ သတ်မှတ်ပြီး သက်သေပြနိုင်ဖို့ ကျွန်တော်တို့ အဆင်သင့်ရှိပါတယ်။ ကျွန်တော်တို့မှာ ဒီလမ်းစဉ်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အရည်အချင်းရှိတဲ့ လူပုဂ္ဂိုလ်တွေ အပြည့်အ၀ရှိပါတယ်။ အဲဒီလူပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ အကူအညီပေးနိုင်တဲ့ အဖွဲ့အစည်းတွေ အထောက်အကူပြု အဖွဲ့တွေကလည်း အခိုင်အမာရှိနေပါတယ်။ အသင့်လည်းရှိကြပါတယ်။ ကျွန်တော်တို့ ဒါတွေ အားလုံးအတွက် ကျွန်တော်တို့ပါတီက ပြင်ဆင်ဆောင်ရွက်မှုတွေ ဆောင်ရွက်ထားရှိပြီးဖြစ်တယ်လို့ပဲ ပြောပါရစေ ခင်ဗျ” ဟု ဦးခင်ရီက ဆက်လက် ပြောသည်။
NLD ပါတီကတစ်ဆင့် မွေးဖွားလာသော CRPH, NUG,PDF နှင့် EAOs တို့က နယ်မြေလုယက် ခွဲထွက်ရန် ပြီးခဲ့သော ၄ နှစ်ကျော်ကာလအတွင်း လက်နက်စွဲကိုင် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နှစ်ဖက်လက်နက်ကိုင်များ သတ်ဖြတ်မှုအတွင်း မြန်မာပြည်သူ ၂၀၀၀၀ ခန့် သေဆုံးရသည့် အပြန်အလှန် စွပ်စွဲမှုများအပြင် နှစ်ဖက်လက်နက်ကိုင်များလည်း သေဆုံးရမှု သိန်းဂဏန်းခန့်ရှိနိုင်သည်ဟု MT News က ခန့်မှန်းသည်။ ထို့အတူ အကြမ်းဖက်လက်နက်ကိုင်များက နိုင်ငံပိုင် လမ်း၊ တံတား၊ ရုံး၊ အဆောက်အအုံ၊ လျှပ်စစ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘဏ်များ စသည်တို့ကို လုယက် ဖျက်ဆီး ဖောက်ခွဲမှုကြောင့် နိုင်ငံနှင့်ပြည်သူပိုင် အဆောက်အအုံ သောင်းနှင့်ချီ ပျက်စီး၍ ပြည်သူက ပြန်လည်တည်ဆောက်ရမည့် ဘီလျံထောင်သောင်းချီ ပျက်စီးမှုများလည်း ဖြစ်ပေါ်ခဲ့ရသည်။

အဆိုပါ အခြေအနေဆိုးများမှ အချိန်တိုအတွင်း လွန်မြောက်မည့် နိုင်ငံနှင့်ပြည်သူ့ထွက်ပေါက်မှာ ရွေးကောက်ပွဲလမ်းစဥ်တစ်ခုသာ ရှိနေသည်ဟု MT News နှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများ၊ ပါတီများက အခိုင်အမာယူဆထားသော်လည်း နိုင်ငံအတွင်းစစ်ပွဲဖြစ်ပွားနေမှ ပြည်တွင်းပြည်ပတွင် ဘဝရပ်တည်နိုင်မည်ဖြစ်သော NLD, CRPH, NUG,PDF, EAOs နှင့် Exile Media များ အရပ်ဘက်အဖွဲ့အစည်းများကမူ စစ်ပွဲများကြောင့် ပြည်သူ သန်းဆယ်ချီ ဒုက္ခရောက်မှုမှ အမြတ်ဆက်ထုတ်နိုင်ရန် ကြိုးပမ်းနေပြီး ထိုကြိုးပမ်းမှုအောင်မြင်ရန်မှာ ရွေးကောက်ပွဲ ပျက်ပြားမှသာ ဖြစ်မည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲ ပျက်ပြားရန်လည်း ကြိုးစားအားထုတ်နေကြသည်။
