၂၅.၉.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံရဲ့ အစွန်အဖျားကျပြီး ဗုဒ္ဓဘာသာနဲ့ မွတ်စလင်အသိုင်းအဝိုင်းတွေအများစု နေထိုင်ကြတဲ့ ဟိမဝန္တာတောင်တန်းဒေသဖြစ်တဲ့ လာဒက်ဒေသမှာ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား ပြင်းထန်စွာ အကြမ်းဖက်တိုက်ခိုက်မှုတွေ စက်တင်ဘာလ ၂၄ ရက်က ဖြစ်ခဲ့တာမှာ လူလေးဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက လာဒက်ဒေသကို ပြည်နယ်အဆင့်ရဖို့၊ အလုပ်အကိုင်ခွဲတမ်းရဖို့နဲ့ လူမျိုးစုနယ်မြေတွေအတွက် ပိုမိုကောင်းမွန်တဲ့ ကိုယ်စားပြုမှုကိုရဖို့တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။
မြောက်ဘက်စွန်းနယ်မြေအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုတောင်းဆိုဖို့ လူရာနဲ့ချီပြီး လမ်းမတွေပေါ်ထွက်ကာ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း လူအများအပြား ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
စက်တင်ဘာ ၁၀ ရက်ကတည်းက အစာငတ်ခံဆန္ဒပြခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ဆိုနမ်ဝမ်ချခ်က ဆန္ဒပြပွဲတွေကို ရန်စတဲ့ မိန့်ခွန်းတွေနဲ့ အစပြုခဲ့တယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ဝန်ကြီးဌာနက ဆန္ဒပြမှုတွေအတွင်း နိုင်ငံရေးပါတီတစ်ခုရဲ့ရုံးမှာ တိုက်ခိုက်ခံခဲ့ရပြီး အကြီးတန်းကောင်စီဝင်ရုံးကို မီးရှို့ခဲ့ကြတယ်လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် ရဲကားတစ်စီးလည်း မီးရှို့ခံရပြီး ရဲတပ်ဖွဲ့ဝင် ၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြပါတယ်။
“မိမိကိုယ်ကို ခုခံကာကွယ်ဖို့ ရဲတပ်ဖွဲ့ဟာ ပစ်ခတ်မှုအချို့ ပြုလုပ်ခဲ့ရပြီး ကံမကောင်းစွာနဲ့ဘဲ အသေအပျောက်အချို့ရှိခဲ့တယ်”လို့ ထုတ်ပြန်ချက်တစ်ရပ်က ဆိုပါတယ်။
နောက်ပိုင်းမှာ အာဏာပိုင်တွေက လူလေးဦးထက်ပိုပြီး စုဝေးတာတွေကို တားမြစ်ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။
လာဒက်ဒေသဟာ မြင့်မားတဲ့ သဲကန္တာရဒေသဖြစ်ပြီး တရုတ်နဲ့ ပါကစ္စတန် နှစ်နိုင်ငံစလုံးနဲ့ နယ်နိမိတ်ချင်း ထိစပ်နေကာ လူပေါင်း ၃၀၀,၀၀၀ ခန့် နေထိုင်ပါတယ်။ အကြမ်းဖျင်းအားဖြင့် လာဒက်ဒေသမှာ နေထိုင်သူ ထက်ဝက်ခန့်က မွတ်စလင်တွေဖြစ်ပြီး ၄၀ ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။
အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာ မိုဒီရဲ့အစိုးရက လာဒက်ဒေသကို ဂျမ်မူးနဲ့ ကက်ရှ်မီးယားပြည်နယ်ကနေ ခွဲထုတ်ပြီး အိန္ဒိယအစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ ၂၀၁၈ ခုနှစ်က ထားရှိခဲ့တာမှာ လာဒက်ဒေသအနေနဲ့ သူ့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဆုံးရှုံးခဲ့တာပါပဲ။
Ref- AP



