
၂၄. ၉. ၂၀၂၅
Written by Nyein Kyaw
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့အနုမြူသီတင်းပတ် (World Atomic Week Forum 2025)သို့ တက်ရောက်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗာစီဗစ်မြို့၊ သာမာရှယ်ဗာလေဆိပ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှ ရုရှားနိုင်ငံသို့ စတင်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ မျိုးသိမ်းကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားခဲ့ကြသည်။
ထို့နောက် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါလာသည့် အထူးလေယာဉ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗာစီဗစ်မြို့၊ သာမာရှယ်ဗာလေဆိပ်သို့ ရောက်ရှိကြရာ နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူး Mr. Travnikov Ahdrey Aleksandrovich နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
