၂၄. ၉. ၂၀၂၅
Translated by Thettant
ထိုင်းအစိုးရရုံးတွေနဲ့ လွှတ်တော်တွေအပါအဝင် အစိုးရအဆောက်အအုံအများအပြားတည်ရှိတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရဲ့ သမိုင်းဝင်နေရာနဲ့ အချက်အခြာကျရာနေရာ ဒူဆစ်ခရိုင်မှာ ဒီနေ့မနက်ပိုင်းက လမ်းပြိုကျမှုဖြစ်ပွားခဲ့တာကြောင့် ဒူဆစ်ခရိုင် အာဏာပိုင်တွေက ဆမ်ဆန်လမ်းရဲ့ ဗဂျီရာ လမ်းဆုံကနေ ဆန်ဂီလမ်းဆုံအထိ လမ်းကို ချက်ချင်းပိတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။



လမ်းပြိုကျလို့ အနီးအနားက အဆောက်အအုံတွေ ထိခိုက်ပျက်စီးပြီး လမ်းသွားလမ်းလာတွေအတွက်လည်း အန္တရာယ်ရှိလာတာကြောင့် ပိတ်လိုက်တာပါ။
မနက် ၇ နာရီလောက်မှာ ဆမ်ဆန်ရဲစခန်းက ယာဉ်ထိန်းရဲတွေက ဗဂျီရာဆေးရုံရှေ့က လမ်းမျက်နှာပြင် ပြိုကျပြီး ရေပိုက်ကြီး ပေါက်သွားကြောင်း သတင်းပို့ခဲ့ပါတယ်။ အာဏာပိုင်တွေက လမ်းကို အရေးပေါ် ပြင်ဆင်ဖို့အတွက် ချက်ချင်းပိတ်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် ဆမ်ဆန်လမ်းတစ်လျှောက်လုံးနဲ့ ခရန်သွန်(ဆန်ဂီ)တံတားရဲ့ အဝင်လမ်းမှာ ကားတွေက ပေပေါင်းများစွာ ယာဥ်ကြော ပိတ်ဆို့နေပါတယ်။
လမ်းပြိုကျတဲ့နေရာက ဗဂျီရာဆေးရုံရှေ့မှာ ဆောက်လုပ်နေတဲ့ MRT မြေအောက်ရထားလိုင်းသစ်ရဲ့ “Vajira Station” ဘူတာရုံ ဆောက်လုပ်ရေးနေရာအနီးမှာ ဖြစ်ပွားခဲ့တာပါ။ ဘန်ကောက် မက်ထရိုပိုလီတန် အုပ်ချုပ်ရေးအဖွဲ့ (Bangkok Metropolitan Administration) နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဟာ အခြေအနေကို ထိန်းသိမ်းဖို့နဲ့ လမ်းပြန်ဖွင့်နိုင်ဖို့ အမြန်ဆုံး ကြိုးပမ်းဆောင်ရွက်နေပါတယ်။
အရေးပေါ် ရေဒီယိုစင်တာ Rama 199 က သတင်းပေးပို့ချက်အရ ဗဂျီရာဆေးရုံရှေ့မှာ လမ်းပြိုကျလို့ အကြီးစားတွင်းကြီး ဖြစ်သွားခဲ့ပါတယ်။ လျှပ်စစ်ဓာတ်တိုင် နှစ်တိုင်နဲ့ ဆမ်ဆန်ရဲစခန်းက တွဲကားတစ်စီးပါ အဲဒီတွင်းထဲ ကျသွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ လမ်းပြိုကျတဲ့နေရာက ပြိုကျမှုမရပ်ဘဲ ပိုကျယ်လာတာကြောင့် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ (Metropolitan Electricity Authority) က အရေးပေါ် ဘေးကင်းရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။
ဒီဖြစ်ရပ်ကြောင့် ဖြစ်ပေါ်လာတဲ့ ကျင်းကြီးဟာ အကျယ်က မီတာ ၃၀ (၉၈ ဒသမ ၄၂၅) လောက်ရှိပြီး အနက်က မီတာ ၅၀ (၁၆၄ ဒသမ ၀၄၂ ပေ) ခန့်ကျယ်ပြီး ပြိုကျမှု မရပ်သေးတာကြောင့် ပိုမိုကြီးမားကျယ်ပြန့်လာနိုင်တဲ့အခြေအနေရှိသလို ဒီဖြစ်ရပ်ကြောင့်ပဲ ယာဥ်ကြောပိတ်ဆို့မှုအပြင် ရေ၊ မီးပြတ်တောက်မှု အခက်အခဲတွေလည်း ကြုံတွေ့နေရပြီဖြစ်ပါတယ်။
Ref, The Nation Thailand & Khaosod
