◾️ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းဦးရေ ၁,၀၀၀ ကျော်အထိ အများဆုံး စာရင်းတင်သွင်း
၂၃. ၉. ၂၀၂၅
Written by Nyein Kyaw


၂၀၂၅ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများအပါအဝင် ဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၄,၉၆၃ ဦး အမည်စာရင်း တင်သွင်းခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့တွင် ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၈ ရက်မှ စက်တင်ဘာ ၂၂ ရက်အထိ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ အသီးသီးတွင် အမည်စာရင်းတင်သွင်းခဲ့ကြရာ နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း အပါအဝင် ဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၄,၉၆၃ ဦး အမည်စာရင်း တင်သွင်းခဲ့ကြကြောင်း UEC က ထုတ်ပြန်ထားသည်။
ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်နိုင်ငံရေးပါတီ ၆ ပါတီ၊ တိုင်းဒေသကြီး/ ပြည်နယ် တစ်ခုအတွင်း စည်းရုံးမည့် နိုင်ငံရေးပါတီ ၅၁ ပါတီနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စား လှယ်လောင်းများ အမည်စာရင်းတင်သွင်းမှုများကိုပါ ပူးတွဲထုတ်ပြန်ထားသည်။
ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်နိုင်ငံရေးပါတီများဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ စုစုပေါင်း ၁,၀၁၈ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ စုစုပေါင်း ၆၉၄ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ စုစုပေါင်း ၆၇၂ ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ စုစုပေါင်း ၄၂၈ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)မှ စုစုပေါင်း ၅၈၄ ဦးနှင့် ပြည်သူပါတီမှ စုစုပေါင်း ၅၁၂ ဦး အမည်စာရင်း တင်သွင်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်နိုင်ငံရေးပါတီ ၅၁ ပါတီတို့မှ လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၉၆၀ ဦးနှင့် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၉၅ ဦး အမည်စာရင်းတင်သွင်းခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှုများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခဲ့ကြသည့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအသီးသီး၌ စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
