၂၁. ၉. ၂၀၂၅
Written by Nyein Kyaw
ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ရွေးကောက်ပွဲ မဲဆန္ဒနယ်အားလုံး၏ လေးပုံတစ်ပုံအထိ ဝင်ရောက်ယှဥ်ပြိုင်နိုင်မှုမရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်နိုင်ခွင့် မရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေအမှတ် (၃/၂၀၂၅) ဖြင့် ယနေ့တွင် ကြေညာခဲ့သည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ်(၁)ကို အောက်ပါအတိုင်း အစားထိုးရမည်ဖြစ်သည်။
နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရန် ကန့်သတ်ချက်ဖြစ်သော ပုဒ်မ ၁၂ (က) ၏ ကန့်သတ်ချက် ပုဒ်မခွဲ (၁)ကို ပြင်ဆင်လိုက်သည့် ဥပဒေမှာ “(၁) ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက အထွေထွေ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အပါအဝင်) မဲဆန္ဒနယ်အားလုံး၏ လေးပုံတစ်ပုံတွင် မိမိပါတီက ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ခြင်း၊” ဟု အစားထိုးပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
ယခင်ဥပဒေတွင် “(၁) ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက အထွေထွေ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် (တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အပါအဝင်) မဲဆန္ဒနယ်အားလုံး၏ ထက်ဝက်တွင် မိမိပါတီက ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ခြင်း၊” ဟု ပြဋ္ဌာန်းထားခြင်းဖြစ်ပြီး ယခုတွင်မူ လေးပုံတစ်ပုံသို့ လျှော့ချ ပြင်ဆင်ပေးခဲ့ခြင်းဖြစ်သည်။
