◾️တပ်မတော်သားကောင်းများပီသစွာဖြင့် တပ်မတော်အတွက် နာမည်ကောင်းကျန်အောင် အားလုံးဝိုင်းဝန်းဆောင်ရွက်သွားကြရန်ပါ မှာကြား





၁၉. ၉. ၂၀၂၅
Written by Nyein Kyaw
ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်နှင့် နိုင်ငံပိုင်ရေပြင်များ လုံခြုံရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား သွားရောက်စစ်ဆေးပြီး တပ်နယ်မိသားစုများအား တွေ့ဆုံအမှာ စကားပြောကြားစဉ် ပြောကြားသည်။
တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်သွားရန်၊ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်နှင့် နိုင်ငံပိုင်ရေပြင်များ လုံခြုံရေးလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိထိရောက်ရောက်နှင့် အကျိုးရှိအောင် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လမ်းညွှန်မှာကြားသည်။
မိမိကိုယ်ကိုယ် ကောင်းအောင် ထိန်းသိမ်းဆောင်ရွက်ပြီး တပ်မတော်သားကောင်းများပီသစွာဖြင့် နိုင်ငံတော်နှင့် တပ်မတော်ကို ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ တပ်မတော်အတွက် နာမည်ကောင်းကျန်အောင် အားလုံးဝိုင်းဝန်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး၊ အဖွဲ့ဝင်များက တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ အားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
