၁၉.၉.၂၀၂၅
Translated by Htwe Ko Tun
ဒုတိယကမ္ဘာစစ်လက်ကျန် မပေါက်ကွဲသေးသည့် ဗုံးများကို ဂျာမနီနိုင်ငံ၊ မြို့တော်ဘာလင်ကို ဖြတ်သန်းစီးဆင်းနေသည့် စပရီးမြစ်(Spree River) အတွင်း ရှာဖွေတွေ့ရှိပြီးနောက် မြို့၏အလယ်ပိုင်းနယ်မြေတွင်နေထိုင်သော ထောင်နှင့်ချီသည့် ပြည်သူများကို တစ်ညတာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြရန် ဘာလင်မြို့တော်တာဝန်ရှိသူများက စက်တင်ဘာလ ၁၈ ရက်တွင် အမိန့်ထုတ်ခဲ့ကြသည်။
ရဲတပ်ဖွဲ့က ဘာလင်မြို့တော်၏ ဗဟိုလူဦးရေထူထပ်လှသောနယ်မြေအတွင်း မီတာ ၅၀၀ အဝန်းအဝိုင်းကို လုံခြုံရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ တာဝန်ရှိသူများက လုံခြုံရေးနယ်မြေအတွင်း နေထိုင်ကြသူများကို တစ်အိမ်တက်ဆင်းလိုက်လံ၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ကြရန်လည်း အကြောင်းကြားလျက်ရှိသည်။
ဘာလင်မြို့ထုတ် Tagespiegel သတင်းစာက ဘာလင်မစ်တီခရိုင်ရှိ မြို့တော်ခန်းမတွင် အရေးပေါ် အခြေချနေထိုင်၍ ညအိပ်ရန်အတွက် စာရင်းသွင်းမည့်ပြည်သူများ ရာနှင့်ချီ၍ တန်းစီကာ စောင့်ဆိုင်းနေခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။ အနီးနားရှိ ကျောင်းတစ်ကျောင်းတွင်လည်း နောက်ထပ် လူအမြောက်အများ ခိုလှုံနေထိုင်နိုင်ရန် အဆောက်အအုံနေရာတစ်ခုကို ညသန်းခေါင်ကျော်ပြီး မကြာမီတွင်ထပ်မံ ဖွင့်လှစ်ခဲ့သည်။
အဆိုပါရပ်ကွက်က သံရုံးများနှင့် မြို့တော်အုပ်ချုပ်ရေးရုံးများစွာတည်ရှိသော နေရာလည်းဖြစ်သည်။
စက်တင်ဘာလ ၁၉ ရက် နံနက်အစောပိုင်းတွင် ဗုံးရှင်းလင်းရေးလုပ်ဆောင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ ဒုတိယကမ္ဘာစစ်လက်ကျန် မပေါက်ကွဲသေးသည့် ဗုံးများကို ရေငုပ်သမားများက ရေအောက်သို့ ငုပ်လျှိုး၍ စစ်ဆေးရှာဖွေကြမည်ဖြစ်သည်။
ဘာလင်မြို့လယ်ရှိ Fischerinsel လူနေရပ်ကွက်အနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် အဆိုပါဗုံးကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ဒုတိယကမ္ဘာစစ်မှ မပေါက်ကွဲသေးသော လက်နက်အကြွင်းအကျန်များ ရှိမရှိ စစ်ဆေးခြင်းအား ဂျာမန်မြို့ကြီးများတွင် ကြီးမားသော ဆောက်လုပ်ရေးစီမံကိန်းများမစတင်မီ အမြဲပြုလုပ် ကျင့်သုံးလေ့ရှိသည်။
ရေငုပ်သမားများက စက်တင်ဘာလ ၁၉ ရက် နံနက်ပိုင်းတွင် အဆိုပါဗုံးကို အနီးကပ်စစ်ဆေးမှု ပြုလုပ်နိုင်ရန် စနက်တံဖြုတ်၍ ရှင်းလင်းသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဗုံးသည် စပရီးမြစ်အတွင်း ရေအနက်လေးမီတာခန့်၌ နုန်းများနှင့် အကျိအချွဲများဖြင့် ဖုံးအုပ်နေသောကြောင့် လုပ်ဆောင်မှုကို ခက်ခဲရှုပ်ထွေးစေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
လုံခြုံရေးနယ်မြေအတွင်း နေထိုင်သူများကို ၎င်းတို့၏ နေအိမ်များသို့ စက်တင်ဘာလ ၁၉ ရက်၌ပင် ပြန်ခွင့်ပြုမည်ဟု မျှော်လင့်ရသည်။
Ref- DW



