◾️ ရွေးကောက်ပွဲ မကျင်းပမီကြားကာလတွင်လည်း အကြောင်းအမျိုးမျိုးကြောင့် မြို့နယ်အတွင်း ပြောင်းဝင်/ပြောင်းထွက်သည့်စာရင်း၊ ကွယ်လွန်သူစာရင်းများကို လက်ရှိအိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုက်ညီစေရေး တိုင်ဆိုင်စိစစ်ရန်ပါ မှာကြား
၁၉. ၉. ၂၀၂၅
Written by Nyein Kyaw
မြေပြင်ကွင်းဆင်း စာရင်းကောက်ယူထားသည့် အသက် ၁၈ နှစ်နှင့်အထက်ရှိသူများ၏ အတည်ပြုလူဦးရေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သို့ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ယမန်နေ့က ပြုလုပ်သည့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေး (၃/၂၀၂၅) တွင် ပြောကြားသည်။
မိမိတို့မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီက အထက်ဌာနအဆင့်ဆင့်သို့ တင်ပြခွင့်ပြုချက်ရရှိပြီးဖြစ်သည့် အသက် ၁၈ နှစ်နှင့်အထက်ရှိသူများ၏ အတည်ပြုလူဦးရေစာရင်းကို မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အခြေခံအသုံးပြုနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပေးပို့ခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ယင်းသို့ အတည်ပြုစာရင်းများ ပေးပို့ခဲ့ပြီးဖြစ်သော်လည်း ရွေးကောက်ပွဲ မကျင်းပမီကြားကာလတွင် လူဦးရေပြောင်းလဲမှုများသည် နေ့စဉ်နှင့်အမျှ ဖြစ်နိုင်ခြင်းကြောင့် ယင်းကြားကာလအတွင်း ပြောင်းလဲလာမည့် လူဦးရေစာရင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးချပြ ဆောင်ရွက်နိုင်ရန် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း မဲစာရင်းတွင် ပါဝင်ရမည်ဖြစ်သကဲ့သို့ နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်က ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ယခုကြားကာလအတွင်း မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လဝက စသည့် ဌာနသုံးခုအနေဖြင့် လက်ရှိမြေပြင်တွင် အကြောင်းအမျိုးမျိုးကြောင့် မိမိမြို့နယ်အတွင်း ပြောင်းဝင်/ ပြောင်းထွက်ကြသည့်စာရင်းများ၊ ကွယ်လွန်သွားသူများကို အချိန်နှင့်တစ်ပြေးညီ တိုက်ဆိုင်စိစစ်ပြီး လဝက၏ လက်ရှိအိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုက်ညီစေရေး စဉ်ဆက်မပြတ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေကြရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
