အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးဟောင်း လူဟတ်ပန်ဂျီယာတန်ကို တွေ့ရစဥ်
၈. ၂. ၂၀၂၃
Written by Nay Aung
အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူနေသော အင်ဒိုနီးရှားနိုင်ငံသည် နစကနှင့်စေ့စပ်ဆွေးနွေးရန်အတွက် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးကိုခန့်အပ်ရန် စဉ်းစားလျက်ရှိနေကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သောသတင်းရင်းမြစ်များက ဆိုသည်။
အင်ဒိုနီးရှား ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပူးပေါင်းရေးဝန်ကြီး လူဟတ် ပန်ဂျီယာတန်သည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို၏ အထူးကိုယ်စားလှယ်ခန့်အပ်ခံရရန် ထိပ်ဆုံးနေရာတွင်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။
၎င်းသည် အင်ဒိုနီးရှားစစ်တပ်တွင် ကြယ်လေးပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီးတစ်ဦးအဖြစ်တာဝန်ယူခဲ့ဖူးသလို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်ကာ အင်ဒိုနီးရှား ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများတွင် ပါဝင်ခဲ့သူဖြစ်သည်။
အသက် ၇၅ နှစ်အရွယ်ရှိ လူဟတ်က ၎င်းအနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများကို သတိမထားမိကြောင်း ထုတ်ဖော်ပြောဆိုထားသလို အင်ဒိုနီးရှားသမ္မတရုံးကလည်း တစ်စုံတစ်ရာမှတ်ချက်ပြုပြောဆိုခြင်း မရှိကြောင်းသိရသည်။
၎င်းသည် အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရမည်ဆိုလျှင် မြန်မာ့နိုင်ငံရေးအခက်အခဲများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဖွဲ့စည်းတည်ထောင်ထားသော အာဆီယံအထူးကိုယ်စားလှယ်ရုံးတွင် ပါဝင်ဆောင်ရွက်ခွင့်ရမည်ဖြစ်ကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သူများကပြောသည်။
လက်ရှိအချိန်တွင် အာဆီယံအထူးကိုယ်စားလှယ်ရုံးကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရက်နိုမာဆူဒီက တာဝန်ယူနေကြောင်းသိရသည်။ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို ရှင်းပြဆွေးနွေးနိုင်ရန်အတွက် အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးတစ်ဦးကို မြန်မာနိုင်ငံသို့စေလွှတ်ပြီး နစကခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း မကြာသေးမီကထုတ်ဖော်ပြောဆိုခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် နစကတာဝန်ရှိသူများကို အာဆီယံထိပ်သီးအစည်းအဝေးများကို တက်ရောက်ခွင့်မပြုရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများထံ အဆိုပြုကမ်းလှမ်းခဲ့ကြောင်း သိရသည်။ သို့သော်လည်း အမေရိကန်နှင့်အနောက်အုပ်စုနိုင်ငံများသည် ပိတ်ဆို့မှုများ ပိုမိုချမှတ်နေချိန်တွင် အင်ဒိုနီးရှားသည် နစကတာဝန်ရှိသူများကို တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းကို ပြန်ပါလာစေရန် နည်းလမ်းရှာဖွေမှုများ ကြိုးပမ်းရဖွယ်ရှိနေကြောင်း သိရသည်။
လူဟတ် ပန်ဂျီယာတန်သည် မြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိရန်အတွက် တပ်မတော်ခေါင်းဆောင်များကို ပျော့ပြောင်းသောသံတမန်ရေး လမ်းကြောင်းဖြင့် အသုံးပြုရဖွယ်ရှိနေကြောင်း၊ နီးစပ်သူများကပြောသည်။
ref – bloomberg



