MT News
၁၇. ၉. ၂၀၂၅
ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ဝင်ရောက်ကြမည့် လူ၊ ပုဂ္ဂိုလ်၊ နိုင်ငံရေးပါတီများအား တရားမျှတစွာ ရွေးကောက်ပွဲဝင်နိုင်စေရေးအတွက် တတ်စွမ်းသမျှ ကူညီကာကွယ် စောင့်ရှောက်ပေးသွားမည်ဟု ကြာအင်းပေါ်တော်မူ ငြိမ်းချမ်းရေးအထူးဒေသ မူလ DKBA အဖွဲ့က ယနေ့တွင် အတိအလင်းကြေညာချက် ထုတ်ပြန်လိုက်သည်။
လာမည့်ရွေးကောက်ပွဲသည် ပြည်သူအများ၏ တည်ငြိမ်အေးချမ်းလုံခြုံသောဘဝကို ဖန်တီးနိုင်ရန် အရေးပါသည်ဟု နားလည်ခံယူထားသဖြင့် ရွေးကောက်ပွဲကို အပြည့်အဝထောက်ခံပြီး အားလုံးပါဝင်သော ရွေးကောက်ပွဲဖြစ်စေရန် ကူညီသွားမည်ဟု BGF (နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်)) က စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်ထားအပြီး တစ်ပတ်ကျော်အကြာတွင် ကရင်ပြည်နယ်ရှိ အခြားလက်နက်ကိုင်အဖွဲ့ဖြစ်သော DKBA ကလည်း စက်တင်ဘာ ၁၁ ရက်တွင် လက်ရှိ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်မှ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲသည် နိုင်ငံတော်၏ အနာဂတ်ကိုရှေးရှုပြီး ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူ့ကိုယ်စားလှယ်ရွေးချယ်ခြင်းဖြစ်သဖြင့် ပြည်သူများအား အတတ်နိုင်ဆုံး ဝန်းရံပံ့ပိုး ကူညီသွားမည်ဟု ကြေညာခဲ့သလို ယနေ့ စက်တင်ဘာ ၁၇ ရက် ရက်စွဲဖြင့် ကြေညာသော ကြာအင်းပေါ်မူငြိမ်းချမ်းရေးအထူးဒေသ မူလ DKBA ကြေညာချက်တွင် “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပပြုလုပ်ရေးဆောင်ရွက်ချက်များအား ကြာအင်းပေါ်တော်မူငြိမ်းချမ်းရေး နယ်မြေ၊ ဦးစီးပဓာန နာယကချုပ်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ နန္ဒသာရ၏ ဩဝါဒ လမ်းညွှန်မှုဖြင့် ဖွဲ့စည်းထားသော မူလ D.K.B.A စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဘိုဘိ ဦးဆောင်သည့် ကြာအင်းပေါ်တော်မူ ငြိမ်းချမ်းရေးအထူးဒေသမှ အထူးအလေးထား ကြိုဆိုထောက်ခံအပ်ပါသည်။” ဟု ဖော်ပြထားသည်။
ထို့အပြင်” မိမိတို့ အနေဖြင့် ပြည်တွင်းပဋိပက္ခတွင် ပါဝင်လျက်ရှိသော လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးမှ တိုက်ပွဲဖော်ဆောင်နေမှုများအား ရပ်တန့်လျက် နိုင်ငံတော်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံတဝှမ်း ငြိမ်းချမ်းမှု ရရှိစေပြီး လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှသည် ပြည်သူလူထုမှ ရွေးကောက် တင်မြောက်သည့် ဒီမိုကရေစီအစိုးရ တစ်ရပ်ပေါ်ပေါက်စေပြီး တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးရမည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ထောင်နိုင်မည်ဟု မမှိတ် မသုန် ယုံကြည်ခဲ့ပါသည်။”ဟုလည်း ပြောသည်။
ယင်းအပြင် “ထိုသို့ ယုံကြည်ခဲ့သည့်အလျောက် အခက်အခဲ အကျပ်အတည်းများစွာကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီး တပ်မတော်အစိုးရဘက်မှ အစဉ်တစိုက် ခိုင်မာစွာ ရပ်တည်ခဲ့သည့် အဖွဲ့အစည်း ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ အတွင်းမှ စတင်ကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲများအား အပြည့်အဝ ထောက်ခံကြောင်းနှင့် မိမိတို့ ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ဝင်ရောက်ကြမည့် လူ၊ ပုဂ္ဂိုလ်၊ နိုင်ငံရေးပါတီများအား တရားမျှတစွာ ရွေးကောက်ပွဲဝင်နိုင်စေရေး အတွက် တတ်စွမ်းသမျှ ကူညီကာကွယ် စောင့်ရှောက်ပေးသွားမည် ဖြစ်ပါသည်။”ဟုလည်း အတိအလင်းကြေညာသည်။
အထက်ပါ ကြေညာချက်များအပြင် “ကြာအင်းပေါ်တော်မူ ငြိမ်းချမ်းရေး အထူးဒေသ၊ မူလ D.K.B.A အဖွဲ့အနေဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ စတင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား တည်ငြိမ်အေးချမ်းစွာဖြင့် တရားမျှတမှုကို အခြေခံပြီး လွတ်လပ်စွာ ရွေးချယ်တင်မြောက်သည့် ရွေးကောက်ပွဲအောင်မြင်စွာ ဖြစ်ပေါ်လာစေရေးအတွက် တပ်မတော် နှင့် လက်တွဲကာ ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောကြား အပ်ပါသည်။” ဟု ကြာအင်းပေါ်တော်မူ ငြိမ်းချမ်းရေးအထူးဒေသ (DKBA) ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
