ဖြိုးဝေ
၁၅. ၉. ၂၀၂၅
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၉) နဲ့ (၁၀) အရ သတ်မှတ်ရက်ဖြစ်တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့အထိ ပုဒ်မ ၅ ပုဒ်မခွဲ (စ) ပါ သတ်မှတ်ပါတီဝင်ဦးရေ မပြည့်မီတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီနဲ့ ပုဒ်မ ၅ ပုဒ်မခွဲ (ဇ) ပါ ပါတီရုံးခန်းတွေ သတ်မှတ်အရေအတွက် မပြည့်မီတဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးပါတီ (မွန်) နဲ့ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ စုစုပေါင်း နိုင်ငံရေးပါတီ ၄ ပါတီကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ ( ခ ) အရ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ကစ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ပြီး ပါတီတွေကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့မှုဟာ ဒီတစ်ပတ်မှာ ဂယက်ရိုက်ခဲ့ပေမယ့် ဒီဂယက်ရိုက်မှုတွေက ရွေးကောက်ပွဲပုံရိပ်ထက် ပြည်သူ့အာဏာရယူချင်ပေမဲ့ ကြိုတင်ပြင်ဆင် တွက်ဆနိုင်မှု အားနည်းခဲ့တဲ့ ပါတီအချို့ရဲ့ ပေါ့လျော့မှုကို ပိုမြင်သာစေခဲ့ပါတယ်။ ဒါ့အပြင် NLD အစိုးရဟောင်းက ၂၀၁၈ ခုနှစ်ထဲမှာ နိုင်ငံတော် သစ္စာဖောက်ဖျက်မှု ပုဒ်မတွေနဲ့ ထောင်ချခဲ့လို့ နစကအစိုးရလက်ထက်မှာ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာအေးမောင်ဟာ ဒီလို ဖမ်းဆီးခံခဲ့ရတဲ့ ပုဒ်မတွေကြောင့် အခု ၂၀၂၅ ရွေးကောက်ပွဲ ဝင်မပြိုင်နိုင်ဖြစ်နေရပေမယ့် ယာယီသမ္မတက ဒေါက်တာအေးမောင်ကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ပေးအပ်လိုက်တာကြောင့် ရွေးကောက်ပွဲဝင်ပြိုင်နိုင်ခွင့်ရရှိသွားတာ၊ ဒီလို ဝင်ပြိုင်နိုင်တာဟာ ရခိုင်ပြည်နယ်မှာ AA လက်နက်ကိုင်တွေကြောင့် ငတ်မွတ်နေရတဲ့ ရခိုင်ပြည်သူတွေအဖို့ လွှတ်တော်နိုင်ငံရေးနည်းလမ်းနဲ့ လမ်းမှန်ပြပေးမယ့် မီးရှုးတန်ဆောင်တစ်ခု ပြန်အလင်းရလာတာဖြစ်လို့ အကြမ်းဖက်သတ်ဖြတ်နေတဲ့ AA ကို မသိမသာ ကန့်ကွက်နေသူတွေ သိသိသာသာ ရှုတ်ချကန့်ကွက်ရဲတော့မယ့် အလားအလာကို ပြန်မြင်လာရတော့မယ်ဆိုတာ ဒီတစ်ပတ်မှာ တွေ့မြင်ရပါတယ်။
အခြားတစ်ဖက်မှာလည်း လာမယ့်ရွေးကောက်ပွဲဟာ ပြည်သူအများရဲ့ တည်ငြိမ်အေးချမ်းလုံခြုံတဲ့ဘဝကို ဖန်တီးနိုင်ဖို့ အရေးပါတယ်လို့ နားလည်ခံယူထားတာကြောင့်ရွေးကောက်ပွဲကို အပြည့်အဝထောက်ခံပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ ကူညီသွားမယ်လို့ BGF (နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်)) က ထုတ်ပြန်ခဲ့သလို DKBA ကလည်း လက်ရှိ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်က ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲဟာ နိုင်ငံတော်ရဲ့ အနာဂတ်ကိုရှေးရှုပြီး ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူ့ကိုယ်စားလှယ်ရွေးချယ်ခြင်းဖြစ်လို့ ပြည်သူတွေကို အတတ်နိုင်ဆုံး ဝန်းရံပံ့ပိုး ကူညီသွားမယ်လို့ ကြေညာခဲ့တာတွေ့ရတာကြောင့် ရွေးကောက်ပွဲ ဖျက်မယ်လို့ ကြုံးဝါးနေတဲ့ KNU/KNLA ဟာ တပ်မတော်ရဲ့ထိုးစစ်ကြောင့် ထွက်ပြေးနေရတဲ့ဘ၀ကို ပိုပြီးတော့ ဝါးကူအထိုးခံခဲ့ရတာလည်း မြင်ခဲ့ရပါသေးတယ်။
ဒါ့အပြင်လည်း မြန်မာပြည်သူတွေနဲ့ အမေရိကန်ပြည်ထောင်စု ထိတွေ့ဆက်ဆံမှု မြှင့်တင်ဖို့ အမေရိကန်သံရုံးဒုတိယအကြီးအကဲ ဒေါက်ဂ်ဆောန်နစ်ခ် ရန်ကုန်က အမေရိကန်သံရုံးမှာ စတင် တာဝန်ထမ်းဆောင်တာ၊ အမေရိကန်က မြန်မာလက်နက်ကိုင် KNA တာဝန်ရှိသူတချို့ကို တရုတ်ကျားဖြန့်လိမ်လည်မှုအတွက် ပိတ်ဆို့အရေးယူတာ၊ ဝန်ကြီးဌာနတွေနဲ့ ဝန်ထမ်းတွေရဲ့ အချက်အလက်တွေက ဆိုရှယ်မီဒီယာ အသုံးပြုမှုကတစ်ဆင့် လုံခြုံရေးကျိုးပေါက်နေလို့ ထိထိရောက်ရောက် ကြပ်မတ်ဆောင်ရွက်ဖို့ ယာယီသမ္မတ ပြောကြားလာတာ၊ ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖို့ ပြောဆိုရေးသားနေတဲ့ KNU ဥက္ကဋ္ဌနဲ့ AA ပြောရေးဆိုခွင့်ရှိသူတို့ကို ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေအသစ်နဲ့ အရေးယူရမှာဖြစ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက တိုက်ရိုက် ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ UEC ဖြေကြားလာတာ၊ ရခိုင်လက်နက်ကိုင် AA ရဲ့ မူးယစ်ဆေးဝါးဖြန့်ချိရေးဂိုဏ်းဝင် ၁၆ ဦးကို ကျပ်ဘီလျံ ၁၇၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေနဲ့ ဖမ်းမိလိုက်တာအပြင် AA စခန်းချရာ ကျောက်တော်က သရက်တပင်ကျေးရွာကို တပ်မတော်က ဗုံးကြဲရှင်းလင်းမှုအတွင်း AA က တပ်သားအဖြစ် သင်တန်းပေးနေတဲ့ ဒေသခံလူငယ် ၂၀ သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရသွားတာဆိုတဲ့ဖြစ်စဉ်တွေနဲ့ နွေဦးတော်လှန်ရေးအစကနေ ဒီနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များစွာရဲ့ လုပ်ရပ်ကြောင့် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနဲ့ ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦး အသက်ဆုံးရှုံးခဲ့ရသလို ဒီနှစ် ဩဂုတ်လအထိ စာရင်းတွေအရလည်း အကြမ်းဖက်အဖွဲ့များစွာက လမ်း/တံတား ၁,၃၀၆ ခု၊ ဆေးရုံ ဆေးခန်း ၇၈ ခု၊ စာသင်ကျောင်းနဲ့ ပညာရေးအဆောက်အဦ ၈၃၇ ခု ဖျက်ဆီးခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်တွေအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ တရုတ် SCO ညီလာခံခရီးစဉ်မှာ နိုင်ငံတော်အဆင့် ကော်ဇောနီခင်းကြိုဆိုတာ၊ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်ငါးဦးအထက် တွေ့ဆုံစကားပြောခဲ့သလို SCO မှာ မိန့်ခွန်းပြောခဲ့တဲ့ ပုံရိပ်တွေ ကျဆင်းသွားအောင် NLD ဘက်က အကျဥ်းစံ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူးလို့ သတင်းမှား ထုတ်လွှင့်ခဲ့တာရှိပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ သတင်းဆိုး ထွက်လာပြန်တဲ့ PDF တွေရဲ့ ဓားပြတိုက် မုဒိမ်းကျင့်မှုအပုပ်နံ့တွေအကြောငိး၊ တပ်မတော်ကို နိုင်ငံတကာ ထောက်ခံမှုမြင့်တက်လို့ NUG က ဝမ်းနည်းနေရတယ်ဆိုတဲ့ အကြောင်းတွေနဲ့ ဗန်းမော်မှာ တပ်မတော်က အောင်ပွဲ ရလာခဲ့သလို ခန့်မှန်းခြေ လာမယ့်ခြောက်လကျော်အတွင်းမှာပြည်သူ့လွှတ်တော်ကို ပြန်လည်မြင်တွေ့ရမယ့် အခြေအနေတွေအကြောင်းကို သုံးသပ်တင်ပြချင်ပါတယ်။
◾ ထွက်လာပြန်တဲ့ PDF တွေရဲ့ ဓားပြတိုက် မုဒိမ်းကျင့်မှုအပုပ်နံ့
NUG လက်အောက်ခံ PDF တွေရဲ့ မုဒိမ်းကျင့်၊ လူသတ်၊ ဆက်ကြေးကောက်၊ ပြန်ပေးဆွဲလုပ်ရပ်တွေ အမြဲတစေ ကြားနေရသလို ဒီတစ်ပတ်မှာတော့ နေရာဒေသနှစ်ခုမှာ PDF တွေရဲ့ ပြန်ပေးဆွဲငွေတောင်းမှုဖြစ်စဉ်နဲ့ သက်ငယ်မုဒိမ်းမှုဖြစ်စဉ် ပျံ့လွင့်လာခဲ့ပြီး ဒီနှစ်မှုမှာ တစ်ခုကတော့ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ ဝါးချက်ကျေးရွာနဲ့ ပယ်ငါးဆယ်ကျေးရွာတွေက အပြစ်မဲ့ပြည်သူတွေကို NUG ဩဇာခံ Black Arrow PDF အဖွဲ့က ဖမ်းဆီးကာ ကျပ်သိန်း ၅,၀၀၀ ထက်မနည်းတဲ့ငွေနဲ့ ရွေးယူနေရမှု ဖြစ်ပွားနေတာကို Local PDF အဖွဲ့ဖြစ်တဲ့ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ – UGF က ဖော်ထုတ်လာတာပါ။ ဒီဖြစ်ရပ်မှာဆို စစ်ကိုင်းမြိုနယ် မင်းကွန်းဒေသ ဝါးချက်ကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမည်ခံပြီး ပြန်ပေးဆွဲငွေညှစ်မှုတွေ လေးခါထက်မနည်း ဖြစ်ပေါ်နေသလို ထိမ်းသိမ်းအရေးယူခြင်းမရှိရင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်ကြောင်း ဒေသခံတွေက တိုင်ကြားလာတာ၊ Black Arrow PDF အဖွဲ့က ဝါးချက်ကျေးရွာက ကိုလွှမ်းမိုးအောင်နဲ့ ကိုဇော်ဦး၊ ပယ်ငါးဆယ်ကျေးရွာက ကိုသန်းထိုက်အောင်တို့ဆီက စုစုပေါင်းငွေကျပ် သိန်းငါးထောင် ထက်မနည်းကို ရယူကာ ပြန်လည် လွှတ်ပေးခဲ့တာလို့ UGF က ဖော်ထုတ်ခဲ့တဲ့အပြင် ပယ်ငါးဆယ်ကျေးရွာက ပြည်သူစျေးဆိုင်တစ်ဆိုင်ကနေ AD Van ကားတစ်စီးနဲ့ ကလစ်ဆိုင်ကယ်တစ်စီးကို Black Arrow PDF အဖွဲ့က သိမ်းယူကာ၊ အမျိုးသမီးတစ်ဦးကိုလည်း အကြောင်းမဲ့ ပစ်သတ်ခဲ့သေးတာ၊ သိမ်းယူကားနဲ့ ဆိုင်ကယ်ကို ငွေကျပ် သိန်း ၅၀၀နဲ့ ပြန်လည်ရွေးခိုင်းခဲ့တဲ့အပြင် အခြားမသိရှိရသေးတဲ့ အမှုပေါင်းများစွာကို ကျူးလွန်ထားတယ်လို့ UGF က ဖော်ထုတ်ခဲ့ပြီး ဒီလို ပြန်ပေးဆွဲ ငွေကြေးတောင်းနေတဲ့ PDF တွေကို NUG/MOD က အချိန်မီထိန်းသိမ်း အရေးယူခြင်းမရှိရင် မင်းကွန်းဒေသ Local တပ်ဖွဲ့ဖြစ်တဲ့ UGF က အရေးယူသွားမယ်လို့ NUG ကို သတိပေးခဲ့တာ တွေ့ရပါတယ်။
အခြားတစ်ဖက်မှာတော့ သက်ငယ်မုဒိမ်းမှုဖြစ်စဉ်ပါ။ ဒီဖြစ်စဉ်မှာတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာက အသက် ၁၁ နှစ်အရွယ်၊ အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ်လေးကို လင်းမြွေကြီး PDF အဖွဲ့က မျိုးကိုဆိုသူက စက်တင်ဘာ ၅ ရက်မှာ သက်ငယ်မုဒိမ်းပြုကျင့်ခဲ့တာပါ။ ဒီလို သက်ငယ်မုဒိမ်းပြုကျင့်တာကို ပြည်သူတွေ ဆန္ဒပြရာမှာ PDF တွေက သက်ငယ်မုဒိမ်းကျင့်သူ မျိုးကို ကို ချက်ချင်းအရေးမယူဘဲ ဆန္ဒပြပြည်သူကို “ပစ်မိန့်၊ စစ်မိန့်မပေးချင်ကြောင်းနဲ့ စစ်မိန့်ပေးလိုက်ရင်” အကုန်သေကုန်မှာဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ကြသလို NUG ကို တင်ပြပြီး သတ်မိန့်ရရင် သက်ငယ်မုဒိမ်းကောင် မျိုးကို ကို ကိုယ်တိုင်ပစ်သတ်ပေးမယ်လို့ ပြောနေတာကို ရုပ်သံဖိုင်ထဲမှာ တွေ့ရပါတယ်။
ဒီမိုကရေစီကို ပြန်လည်ရယူမယ်လို့ လူထုကို လိမ်လည်ခဲ့ပြီး ဒီလိုလိမ်လည်ခဲ့သူတွေကို အဟုတ်ထင်လို့ ကိုယ်တိုင်စားရမဲ့ သောက်ရမဲ့ကြားထဲက လက်နက်ဝယ်ပေးလိုက်တဲ့ အညာနဲ့ မြန်မာပြည်သူလူထုတွေဟာ အခုအချိန်မှာတော့ PDF တွေ LPDF တွေ EAOs တွေကို ဒူးတုန်အောင် ကြောက်နေရပြီဖြစ်သလို နောက်ဘုန်းကြီးက နှစ်ချက်ခေါက်တာ အံကြိတ်ခံနေရပြီး လုယက်၊ သတ်ဖြတ်၊ မုဒိမ်းကျင့်၊ ဆက်ကြေးတောင်းနေတာတောင် အသံမထွက်ရဲ၊ အသံထွက်ရဲသူလည်း အသတ်ခံနေရတဲ့အထိ အခြေအနေဆိုးကို ရင်ဆိုင်နေရတာပါ။ ဒီလိုအခြေအနေဆိုးကိုလည်း ကိုယ်တိုင်ဖန်တီးခဲ့ကြတာမို့လို့ PDF လက်နက်ကိုင်ထောက်ခံမိတဲ့ဒေသတွေဟာ ဝဋ်ရှိသရွေ့တော့ ဆပ်ကြရဦးမှာဖြစ်ပြီး ဒီ ဝဋ်ကြွေးတွေကျေဖို့ကလည်း PDF ကို လှူနေ ထောက်ခံနေသရွေ့ အချိန်ကြာဦးမှာမို့ ခံနိုင်ရည်ရှိကြပါစေလို့ပဲ အဝေးက ထိုင်ကြည့်နေရသူတွေက ဆုတောင်းကြရုံသာ တတ်နိုင်တဲ့ အခြေအနေပါ။
◾ တပ်မတော်ကို နိုင်ငံတကာ ထောက်ခံမှုမြင့်တက်လို့ ဝမ်းနည်းနေတယ်ဆိုတဲ့ NUG
တပ်မတော်ကို နိုင်ငံတကာနဲ့ ဒေသတွင်း နိုင်ငံတွေကပေးအပ်နေတဲ့ စစ်ရေး၊ နိုင်ငံရေး၊ ငွေကြေးနဲ့ လက်နက်အကူအညီ ပြန်လည်ရရှိနေတာကြောင့် ဝမ်းနည်းနေရတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ခုခံတော်လှန်စစ် လေးနှစ်မြောက်နေ့ဖြစ်တဲ့ စက်တင်ဘာ ၇ ရက်မှာ ဝမ်းနည်းစွာပြောလာတာ တွေ့ရပါတယ်။
NUG နဲ့ PDF က တပ်မတော်ရဲ့ ခြေတံလက်တံတွေ ချိနဲ့သွားအောင် ရိုက်ချိုးနိုင်ခဲ့တယ်လို့လည်း ဒူဝါလရှီးလက ဆိုပြီး ဒီလိုအခြေအနေကနေ ဝမ်းနည်းစရာကောင်းတဲ့ဖြစ်ရပ်က တပ်မတော်ကို နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေက ကူညီနေတာဖြစ်တယ်လို့ ဒူဝါလရှီးလက “ကျွန်တော်တို့ဟာ ယခုအခြေအနေမှာ ဝမ်းနည်းစရာ ဖြစ်ရပ်တချို့နဲ့ ကြုံတွေ့ ဖြတ်သန်းနေရပါတယ်။ အဲဒါကတော့ အသက်ထွက်ပြိုဆင်းဖို့ တာဆူနေတဲ့ မြန်မာစစ်တပ်ဟာ ဒေသတွင်းနိုင်ငံတွေရဲ့ စစ်ရေး၊ နိုင်ငံရေး၊ ငွေကြေးနဲ့ လက်နက်အကူအညီတွေကို ပြန်လည်ရရှိနေတာပဲဖြစ်ပါတယ်”လို့ ပြောလာတာ မြင်ရပါတယ်။
လူထုတစ်ရပ်လုံး ထောက်ခံပါတယ်ဆိုတဲ့ ကြွေးကြော်မှုနဲ့ လက်နက်ကိုင်ခဲ့တဲ့ NUG ဟာ တစ်ကမ္ဘာလုံးလိုလိုက ထောက်ခံမှု၊ ငွေလှူဒါန်းမှုတွေ သုံးလေးနှစ်ရလာခဲ့ပြီးမှ ဒီကာလမှာ ဘာကြောင့် နိုင်ငံတကာက တပ်မတော်ကို ပြောင်းလဲထောက်ခံသွားသလဲဆို NUG နဲ့ PDF ဟာ တပ်မတော်ထက် ဆိုးသွမ်းရက်စက်တဲ့ စည်းကမ်းမဲ့ လက်နက်ကိုင်အဖွဲ့ဆိုတာ နိုင်ငံတကာက သိနားလည်သွားတာကြောင့်လို့ အတိအကျ ပြောရမှာပါ။ နွေဦးတော်လှန်ရေး စတင်ချိန်ကနေ ဒီနှစ် ဩဂုတ် ၁၄ ရက်အထိ ကျောင်းသားကျောင်းသူတွေအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနဲ့ ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦး ခန့်ဟာ “ဒလန်၊ သူလျှို၊သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, CRPH, NUG, PDF, EAOs တို့ သတ်ဖြတ်မှုကို ခံထားရပြီး NUG ကျရှုံးရခြင်းက ဒီလိုမျိုး လက်နက်မဲ့ဝန်ထမ်းပြည်သူများစွာကို အကြမ်းဖက်သတ်ဖြတ်မှု ဦးဆောင် လုပ်ကိုင်ခဲ့တာကြောင့်ပါ။ ဒါ့အပြင် NUG ထိပ်ပိုင်းတာဝန်ရှိသူတွေက ပြည်ပထွက်ပြေးပြီး တော်လှန်ရေးလှူတဲ့ အလှူငွေတွေ ကိုယ်ကျိုးသုံး ခိုးယူတာ၊ မိသားစုဘ၀အခြေကျဖို့ လုပ်ငန်းတွေထူထောင်တာ၊ မယားငယ်ထားတာ၊ သောက်စားမူးယစ်မှု ပြဿနာတွေထွက်ပေါ်တာ၊ အာဏာအလွဲသုံးစားလုပ်တာ၊ PDF အပါအဝင် ပသုံးလုံးတွေရဲ့ မုဒိမ်းမှု၊ လူသတ်မှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှု၊ သယံဇာတခိုးထုတ်မှု၊ ဆက်ကြေးကောက်မှု၊ ဓားပြတိုက်မှုဖြစ်စဥ်တွေကို အရေးမယူရဲတာကြောင့် လေးနှစ်မပြည့်မီကာလအတွင်း ခုခံတော်လှန်စစ်ပြိုဆင်းသွားပြီး အခုလို ဝမ်းနည်းစရာအခြေအနေကို ဒူဝါလရှီးလကိုယ်တိုင် ဝန်ခံလာတာပါ။ ဒီလို ဝန်ခံလာပေမယ့် ဘာကြောင့် NUG နဲ့ PDF က ဒီလိုကျရှုံးရတယ်၊ တပ်မတော်က နိုင်ငံတကာမျက်နှာစာမှာ ဘာကြောင့် အရေးသာလာတယ်ဆိုတာကို ဒူဝါလရှီးလက တွေးမြင်ပြင်ဆင်နိုင်တဲ့ အသိဉာဏ်ရှိပုံမရလို့လည်း မြေပြင်က PDF စိုးမိုးဒေသက ပြည်သူတွေဟာ ကျရှုံး NUG နဲ့ PDF တွေရဲ့ အရိပ် ရန်သူထင် မည်းမည်းမြင်ရာ ရန်လုပ်ကြမှာကို လာမယ့်ကာလမှာ အရင်ထက်နှစ်ဆ ပို ခံကြရနိုင်လို့ ခံနိုင်ရည်ရှိဖို့သာ ဆုတောင်းကြရမှာပါ။
◾ ဗန်းမော်အောင်ပွဲ
ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်သလို KIA ရဲ့ လိုင်ဇာဌာနချုပ်နဲ့လည်းနီးတဲ့ ဗန်းမော်မြို့ကို KIA,AA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ရက်ပိုင်းအတွင်း သိမ်းယူမယ်လို့ကြွေးကြော်ပြီး ၂၀၂၄ ဒီဇင်ဘာ ၄ ရက်မှာ စတင်သိမ်းပိုက်ဖို့ကြိုးပမ်းခဲ့တာပါ။
ဒီလိုကြိုးပမ်းရာမှာ ကနဦးတော့ တပ်မတော်ဘက်က အရေးပါတဲ့နေရာတချို့လက်လွှတ်ခဲ့ရပေမယ့် ကြံ့ကြံ့ခံ ပြန်လည်ရင်ဆိုင်ရမှုမှာ KIA ဟာ ကနဦးအလုံးအရင်းသုံးခဲ့တဲ့ KIA တပ်မဟာတွေက ကချင်နဲ့ PDF လက်နက်ကိုင်တွေ ဆုံးရှုံးကုန်လို့ ရခိုင် AA နဲ့ အညာက PDF တွေ စစ်ကူ ထပ်ခေါ်ခဲ့ရသလို AA နဲ့ အညာ PDF ရာချီလည်း သေခဲ့ရပါသေးတယ်။ ဒီလို သေနေပေမဲ့ KIA ဟာ ဗန်းမော်မြို့က မခွာဘဲ အသည်းအသန်တိုက်ခိုက်နေတာကြောင့် တစ်မြို့လုံးနီးနီးပျက်သွားသလို ဒီလိုကာလထဲမှာပဲ မြေရှားကိုအကြောင်းပြုလို့ တပ်မတော်နဲ့ဆွေးနွေးလိုကြောင်း KIO/KIA အကြီးအကဲတစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က လေသံပစ်ခဲ့ပါသေးတယ်။ ဗန်းမော်မှာ KIA နဲ့ ပူးပေါင်းလက်နက်ကိုင်တွေ အထိနာလို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တရုတ်၊ ဂျပန်နဲ့ နိုင်ငံတကာသံအမတ်တွေကို တင်ပြထားကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က နိုင်ငံတကာ အကူအညီနဲ့ အဟန့်ရလို့ရငြား ထပ်ကြိုးစားပေမဲ့လည်း ဘယ်သူကမှ ဝင်မပါတဲ့အဆုံး KIA,AA နဲ့ PDF တွေဟာ ဗန်းမော်မြို့က ဆုတ်ပြေးကြပြီး မြေရှားထွက်ရာ ချီဗွေမှာ ခံစစ်ပြင်ဆင်တဲ့ပုံစံ ကစဉ့်ကလျား ကျန်သူအနည်းငယ်ပဲရှိတော့တဲ့အခြေအနေလို့ ဒီစက်တင်ဘာ ၁၂ ရက်မှာ တပ်မတော်က ထုတ်ပြန်လာပါတယ်။
KIA,AA နဲ့ PDF တွေ စစ်ရှုံးခဲ့တဲ့ ဗန်းမော်တိုက်ပွဲများစွာအတွင်း ရန်သူ့အလောင်း ၁၆၃ လောင်း၊ လက်နက်မျိုးစုံ ၁၇၈ လက်နဲ့ အခြား ဆက်စပ်ပစ္စည်းတွေပဲ တရားဝင် သိမ်းပိုက်ရရှိခဲ့ပေမဲ့ အခြားသတင်းရင်းမြစ်တွေအဆိုအရ သောင်းကျန်းသူပူးပေါင်းအဖွဲ့တွေက သေဆုံးသူ ၄၆၁၆ ဦးခန့်နဲ့ ဒဏ်ရာရရှိသူ ၄၉၈၃ ဦးခန့် ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ဖော်ပြခဲ့ပြီး ဒီထုတ်ပြန်ချက်က အမှန်ဖြစ်နိုင်တယ်လို့ စစ်ရေးသုံးသပ်သူတွေက ခန့်မှန်းခဲ့ကြပါတယ်။ ဘာကြောင့် ဒီလိုသုံးသပ်လဲဆိုရင် တပ်မတော်ရဲ့ အထူးတလည် အဆင့်မြင့်လာတဲ့ ဒရုန်းတပ်ရဲ့ မြင့်မားတဲ့ဒရုန်းတိုက်ခိုက်မှုစွမ်းရည်တွေကို ဗန်းမော်မြို့မှာ ပိုမြင်ခဲ့ရတာကြောင့်ပါ။ တပ်မတော်ဟာ ၂၀၂၄ နှစ်ကုန်ပိုင်းကစ ဒရုန်းတပ် အခြေတကျ အဆင့်မြှင့်တင်လာနိုင်မှုနဲ့အတူ ၂၀၂၅ နှစ်စပိုင်းကစ သောင်းကျန်းသူတွေကို ထိထိရောက်ရောက် တိုက်ခိုက်လာနိုင်တာမြင်ရပြီး အသိသာဆုံးတိုးတက်မှုအဖြစ် ဇူလိုင်လထဲမှာ မိုးဗြဲ၊ နောင်ချို၊ သပိတ်ကျင်းမြို့တွေနဲ့ ဆက်စပ်လမ်းပိုင်းတွေ အကုန်ပြန်သိမ်းယူခဲ့သလို ဩဂုတ်နဲ့ စက်တင်ဘာလထဲမှာ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ ဗန်းမော်မြို့တွေ ဆက်စပ်လမ်းပိုင်းတွေမှာ အောင်ပွဲဆင်နိုင်ခဲ့တာတွေ့ရပြီး တစ်ချိန်တုန်းက ဒရုန်းနဲ့ ဝံ့ကြွားခဲ့တဲ့ လက်နက်ကိုင်သောင်းကျန်းသူတွေဟာ အခုအချိန်မှာ ဒရုန်းခြောက်အိပ်မက်တွေ ပြန်အရိုးတွန်နေလို့ အကြောက်လွန်ပြေးနေရတဲ့အခြေအနေကို မြင်လာနေရတာလည်း နိုင်ငံပြန်လည်ငြိမ်းချမ်းဖို့လမ်းစပါ။
◾ လာမယ့်ခြောက်လကျော်မှာ ပြန်လည် မြင်တွေ့ရမယ့် ပြည်သူ့လွှတ်တော်
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံရေးအာဏာနဲ့ မလျော်ဩဇာသုံးပြီး မဲမသမာမှုတွေ ပြုခဲ့သလို လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တောင်းဆိုချက်ကိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ကျော်လွန် ဖျက်သိမ်းခဲ့ကြောင့် NLD အစိုးရဟောင်းကို ဖြုတ်ချမှုနဲ့အတူ လက်နက်ကိုင်မှုဆင့်ကဲပြီး ပြည်သူကို ရိုက်ခတ်ခဲ့တဲ့ ဒီမိုကရေစီနောက်ပြန်လှိုင်းဟာ လာမယ့် ခြောက်လလောက်အတွင်းမှာတော့ ပြည်သူ့လွှတ်တော် ပြန်လည်စတင်နိုင်မှုနဲ့အတူ ဒီမိုကရေစီကို ပြန်လည်မြင်တွေ့ရတော့မှာပါ။
ဘာကြောင့်လဲဆို ပြည်သူလွှတ်တော် ပထမအကြိမ်အစည်းအဝေးကို ရွေးကောက်ပွဲ စတင်ကျင်းပမယ့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်ကနေ ရက်ပေါင်း ၉၀ အတွင်း ဥပဒေပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ စက်တင်ဘာ ၁၁ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲပြောကြားချက်အရကြောင့်ဖြစ်ပြီး ပြည်သူ့လွှတ်တော်နဲ့အတူတူ စတင်ရမယ့် အမျိုးသားလွှတ်တော်၊ ၁၅ ရက်အတွင်း ကျင်းပရမယ့် ပြည်ထောင်စုလွှတ်တော်တွေဟာ မကြာခင် တစ်ကျော့ပြန်မြင်လာရမှာဖြစ်လို့ လာမယ့် ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲနေ့ကနေ သုံးလအတွင်းဟာ ၂၀၂၆ ခုနှစ် မတ်လ ၂၈ ရက်ဖြစ်လို့ ဒီနေ့ စက်တင်ဘာ ၁၅ ရက်ကတွက်ရင်တောင် ၁၉၄ ရက်ပဲကျန်ပါတယ်။
ဒီ ၁၉၄ ရက်ဟာ အချိန်ကြာတယ်လို့ ပြောချင်ရင် ပြောချင်စရာဖြစ်ပေမယ့် ခန့်မှန်းခြေအရ ရွေးကောက်ပွဲဟာလည်း အပိုင်းလိုက်သုံးပိုင်းပဲ လုပ်ဖို့ရှိပြိး တစ်ပိုင်းနဲ့တစ်ပိုင်းကြားမှာလည်း တစ်ပတ်၊ နှစ်ပတ်ပဲခြားမှာဖြစ်လို့ ၂၀၂၆ ဇန်နဝါရီထဲမှာ ရွေးကောက်ပွဲ ပြီးနိုင်ပြီး ၂၀၂၅ ရွေးကောက်ပွဲရဲ့ ပထမဆုံးပြည်သူ့လွှတ်တော်ခေါ်ယူမှုဟာ နောက်အကျဆုံး မတ်လ ဒုတိယအပတ်မှာဖြစ်နိုင်မယ့်အခြေအနေလို့လည်း မှတ်ယူစရာရှိတာ ကောက်ချက်ယူမိရပါတယ်။ ပြည်သူ့လွှတ်တော် စတင်မှုနဲ့အတူ လွှတ်တော်သုံးရပ်ပြန်လည်စတင်နိုင်မှုနောက်မှာ အရပ်သားအစိုးရတက်လာနိုင်ဖို့ တပ်မတော်က ကြိုးပမ်းနေသလို လက်လွှတ်ထားရတဲ့နယ်မြေတွေကိုလည်း ပြန်သိမ်းပိုက်နေတာ၊ မဲဆွယ်မယ့်အမတ်လောင်းတွေ၊ မဲပေးသူတွေလုံခြုံအောင်ကြိုးစားနေတာ၊ မဲဆန္ဒနယ် ၇၁၂ ခုဟာ တပ်မတော်ထိန်းချုပ်ထားနိုင်တဲ့နေရာတွေဖြစ်လို့ ရွေးကောက်ပွဲဖျက်မယ်ကြုံးဝါးနေသူတွေဟာ တစ်ယောက်စနှစ်ယောက်စ တချို့တလေကိုသာ အသက်အန္တရာယ်ပြုနိုင်ဖွယ်ရှိပြီး ပျက်ပြားအောင် ဖျက်နိုင်စွမ်းမရှိတာမြင်နေရလို့ လာမယ့် ၂၀၂၆ ဧပြီလထဲမှာ သေချာပေါက် အရပ်သားအစိုးရသစ်တစ်ရပ်ပေါ်ထွန်းလာမယ်လို့ ကောက်ချက်ယူရတော့မှာပါ။ ၂၀၀၈ ခုနှစ် ခြေဥဟာ အရပ်သားအစိုးရ ၇၅ ရာခိုင်နှုန်းနဲ့ တပ်မတော်က ၂၅ ရာခိုင်နှုန်းလို့ ဘယ်လိုပဲပြောပြော လက်ရှိကာလလို ပြည်သူက ရာနှုန်းပြည့် ဝေဖန်ထောက်ပြပိုင်ခွင့် ဆုံးရှုံးနေရတာထက် အများကြီးသာလွန်ပါတယ်။ ရွေးကောက်ပွဲမဖြစ်လို့၊ အရပ်သားအစိုးရကို အာဏာမလွှဲပြောင်းနိုင်လို့ လက်နက်ကိုင်တွေ ဆက်ချပြီး ပြည်သူတွေက ဆယ်စုနှစ်များစွာ လက်နက်ကိုင်တိုင်းကို ကြောက်နေရတာထက်စာရင် ၇၅ ရာခိုင်နှုန်းက အများကြီးသာလွန်တာမို့ ဒီလိုပြန်ရလာတဲ့လွှတ်တော်လမ်းကြောင်းကတစ်ဆင့် နောက်တစ်ကြိမ် နောက်ပြန်လှိုင်း မရိုက်ဖို့၊ စစ်ကြောင့်ဖြစ်တဲ့ အနိဋ္ဌာရုံတွေကင်းဝေးပြီး ပိုမိုကောင်းမွန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီ တက်လှမ်းကြဖို့သာ မြန်မာနိုင်ငံနဲ့ပြည်သူအတွက် အဖြစ်သင့်ဆုံးပါလို့ အသိပေးလမ်းပြချင်မိပါတယ်။ ဒီလိုမျိုး တစ်ကျော့ပြန်လာမယ့် လွှတ်တော်လမ်းကြောင်းသာ ဥပဒေပါအတိုင်း မတိမ်း စောင်းခဲ့ရင် လာမယ့် ၂၀၂၆ ခုနှစ် ဧပြီကစ မြန်မာ့မြေ ၇၅ ရာခိုင်နှုန်းပတ်လည်ဟာ (ဆူပူသောင်းကျန်းလက်နက်ကိုင်ချင်ကြတဲ့ မြန်မာ့နယ်မြေ ၂၅ ရာခိုင်နှုန်းကို ခဏဖယ်ထားရပါမယ်) ရွေးကောက်ခံအရပ်သားအစိုးရနဲ့ ပြန်လည် အေးချမ်းတော့မယ့် ဒီမိုကရေစီ နယ်မြေတွေအဖြစ် အေးချမ်းမှု၊ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီကို Check & Balance လုပ်နိုင်မှုတွေ မုချမသွေ ပြန်လည်ခံစားရပါစေမယ်လို့ ကြိုတင်နိမိတ်ဖတ်ရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။
