
၁၂. ၈. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရှိ ဝီချစ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို တရားမဝင် အတိုးကြီး ချေးငွေလုပ်ငန်း လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးမှုအတွင်း ဆိုင်ကယ် ၁၂ စီး၊ ကား ၆ စီးနှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများစွာကို သိမ်းဆည်းရမိခဲ့သည်။
ဝီချစ်၊ ဆွိုင် ချာရိုအန်လပ်ရှိ ဒေသခံများသည် မှတ်ပုံမတင်ထားသော ယာဉ်များကို လမ်းဘေးတွင် အချိန်အတော်ကြာ ရပ်ထားသည်ကိုလည်းကောင်း၊ ငှားရမ်းသည့် နေရာများတွင် ဆိုင်ကယ်များကို အဖုံးအုပ်၍ ဖုံးကွယ်ထားသည်ကိုလည်းကောင်း သတင်းပို့ခဲ့ကြသည်။

တိုင်ကြားချက်များအရ ဝီချစ်ရဲစခန်းမှူး ရဲမှူးကြီး ဆွမ်ဆက် သောင့်ကလင်ဂ်က စုံစမ်းစစ်ဆေးရေးမှူး ဒုတိယရဲမှူးကြီး သီရာဝပ် အန်နတ် ချာရိုအန်ရင်းအား ဩဂုတ်လ ၁၀ ရက်နေ့ ညနေပိုင်းတွင် တိုင်တန်းခံဧရိယာကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့သည်။
သွားရောက်စစ်ဆေးသည့် ရဲတပ်ဖွဲ့သည် လမ်းဘေးတွင် နံပါတ်ပြားမပါသော ယာဉ် ၆ စီးနှင့် ငှားရမ်းထားသည့် အိမ်ရှေ့တွင် ဖုံးကွယ်ထားသော ဆိုင်ကယ် ၆ စီးကို တွေ့ရှိခဲ့သည်။ ပိုင်ရှင်ကို စစ်ဆေးမေးမြန်းရာတွင် ပိုင်ရှင်သည် ဝီချစ်၊ မူး (၃) တွင်နေထိုင်သော ဝတ်ထ်အမည်ရှိ အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရှိခဲ့သည်။
ဝတ်ထ်က လမ်းဘေးရပ်ထားသည့် ယာဉ်များ၏ ပိုင်ရှင်ဖြစ်ကြောင်း ဝန်ခံခဲ့ပြီး ငွေသားလိုအပ်နေသူများက ၎င်းထံတွင် ပေါင်နှံထားကြောင်း ရှင်းပြခဲ့သည်။ ဝတ်ထ်သည် ၎င်း၏ပိုင်ဆိုင်မှုအတွင်း သိမ်းဆည်းထားသည့် အပေါင်ဆုံး ဆိုင်ကယ်များကို သိမ်းဆည်းရန်လည်း ခွင့်ပြုခဲ့သည်။
စုံစမ်းစစ်ဆေးမှုများအရ ဆိုင်ကယ် ၁၂ စီး၊ ပစ်ကပ်ကား ၁ စီး အပါအဝင် ကား ၆ စီးနှင့် ယာဉ်ပေါင်နှံခြင်းနှင့် သက်ဆိုင်သော စာရွက်စာတမ်း ၄၆ ခုကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ဝတ်ထ်သည် ဥပဒေအရသတ်မှတ်ထားသော အတိုးနှုန်းထက် ကျော်လွန်သည့် တစ်လလျှင် ၁၀ ရာခိုင်နှုန်းအတိုးနှုန်းဖြင့် ကောက်ခံခဲ့ပြီး ကိုယ်ပိုင်ချေးငွေဝန်ဆောင်မှုအတွက် လိုင်စင်မရှိဘဲ လုပ်ကိုင်ခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ယခုတွင် ဝတ်ထ်သည် အတိုးနှုန်း အလွန်အကျွံကောက်ခံခြင်းနှင့် လိုင်စင်မဲ့ ချေးငွေလုပ်ငန်း လုပ်ကိုင်ခြင်းတို့ဖြင့် တရားစွဲဆိုခံထားရသည်။

ရဲမှူးကြီး ဆွမ်ဆက်က ဒေသခံများ၏ အကူအညီအပေါ် “ပြည်သူတွေဆီက သတင်းအချက်အလက်တွေဟာ သံသယရှိသူကို ရှာဖွေဖမ်းဆီးရာမှာ၊ သက်သေအထောက်အထားတွေ သိမ်းဆည်းပြီး ခံစားရသူတွေဆီ ပြန်ပေးနိုင်ဖို့အတွက် အရေးကြီးပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဝတ်ထ်နှင့် သိမ်းဆည်းရမိသော ပစ္စည်းများကို လိုအပ်သည့် ဥပဒေအရ အရေးယူဆောင်ရွက်ရန်အတွက် ဝီချစ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
Ref, The Thaiger
