
၁၁.၈.၂၀၂၅
Translated by Htwe Ko Tun
ရုရှားနိုင်ငံ၊ ကမ်ချတ်ကာ ကျွန်းဆွယ်ရှိ ခရက်ရှ်နင်နီကော့ဗ် မီးတောင်မှာ နှစ်ပေါင်း ၅၀၀ ကျော် ငြိမ်သက်နေခဲ့ရာမှ ဩဂုတ်လပထမပတ်အတွင်း မီးတောင်လှုပ်ရှားမှုများဖြစ်ပေါ်၍ ပေါက်ကွဲမှုများ စတင်ဖြစ်ပွားခဲ့ရာ ဩဂုတ်လ ၁၁ ရက်တွင် ပြာများကို မီးတောင်ဝမှ ကိုးကီလိုမီတာ( ၅ ဒသမ ၆ မိုင်) အမြင့်သို့ မှုတ်ထုတ်လျက်ရှိကြောင်း သိရသည်။
ရုရှားသိပ္ပံအကယ်ဒမီကျောင်းမှ ကြေညာချက်ထုတ်ခဲ့ရာတွင် ဩဂုတ်လ ၁၁ ရက် GMT 6 : 00 Am ၌ မီးတောင်ပေါက်ကွဲမှုကြောင့် ပြာများက ကောင်းကင်ကို မီတာ ၉,၀၀၀ ခန့်အထိ မြင့်တက်လာကာ ပြာမှုန်များကမီးတောင်မှအရှေ့ဘက် ၁,၁၁၄ ကီလိုမီတာအထိ မျောပါလာကြောင်း ဖော်ပြခဲ့သည်။
မီးတောင်ပေါက်ကွဲမှုက ဒေသတွင်းနှင့် နိုင်ငံတကာလေကြောင်းပျံသန်းမှုများအတွက် အန္တရာယ်ရှိသည်ဟုလည်း သတိပေးချက်ထုတ်ပြန်ထားခဲ့သည်။
ခရက်ရှ်နင်နီကော့ဗ် မီးတောင်မှာ နိုင်ငံအရှေ့ပိုင်း ကမ်ချတ်ကာ ကျွန်းဆွယ်ပေါ်တွင်ရှိ၍ ကလျူချက်ဗ်စကာရာ ဆော့က်ကာ စထရာတို မီးတောင်၏အစိတ်အပိုင်းဖြစ်ကာ ယူရေးရှားဒေသတွင် အမြင့်မားဆုံးသော မီးရှင်တောင်လည်းဖြစ်သည်။ မီးတောင်က ကတော့ပုံရှိကာ မီတောင်ဝက မီတာ ၇၀၀ ခန့်ကျယ်ဝန်းသည်။
ထိုမီးတောင်က ဇူလိုင်လ ၃၀ ရက်တွင် ကမ်ချတ်ကာ ကျွန်းဆွယ်၌ အဓိကငလျင်တစ်ခု လှုပ်ခဲ့ပြီးနောက်တွင် ၁၆ ရာစုနှစ်မှစ၍ ငြိမ်သက်နေခဲ့ရာမှ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်လှုပ်ရှားကာ ပေါက်ကွဲလာခြင်း ဖြစ်သည်။ထို့ကြောင့် မီးတောင်ပေါက်ကွဲမှုက မြေငလျင်လှုပ်မှုနှင့်ဆက်စပ်နေသည်ဟု ယူဆရသည်။
Ref , Tass
