
၉.၈.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ပရာချွတ် ကီရိခန်ပြည်နယ်၊ ကူဘူရီ ခရိုင်အတွင်းမှာ သြဂုတ်လ ၉ ရက် နံနက်အစောပိုင်းက ဘန်ကောက်မြို့ကို ဦးတည်မောင်းနှင်လာတဲ့ ရထားတစ်စီးလမ်းချော်ခဲ့လို့ ခရီးသည်ကိုးဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ သတင်းတွေအရသိရပါတယ်။
ရထားတွဲ ၁၂ တွဲပါတဲ့ အထူးအမြန်ရထား အမှတ် ၃၈/၄၆ ဟာ နာရာသီဝပ်ပြည်နယ်၊ ဆုငိုင်ကိုလုတ် ခရိုင်ကနေ ဘန်ကောက်မြို့ရှိ ခရွန်သက် အဖီဝပ်(ဘန်ဆူ ဘူတာရုံ) ကို ခုတ်မောင်းလာတာလို့ သတင်းတွေက ဆိုပါတယ်။

နံနက် ၅ နာရီခန့်မှာတော့ ကူဘူရီ ရထားဘူတာရုံအနီးအရောက်မှာ တွဲအမှတ် ၁၀၊ ၁၁ နဲ့ ၁၂ တို့က လမ်းချော်သွားခဲ့ကြတာမှာ သံဃာတစ်ပါး၊ မိန်းကလေးတစ်ဦးနဲ့ အမျိုးသမီး ခုနစ်ဦးတို့ ဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။ ရထားတွဲတွေက လမ်းချော်သွားခဲ့ပေမယ့် ပက်လက်လန်တိမ်းမှောက်တဲ့အထိတော့ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။
ကယ်ဆယ်ရေးသမားတွေက ဒဏ်ရာရသူတွေကို ကူဘူရီခရိုင်ဆေးရုံနဲ့ ပရာချွတ် ကီရိခန်ဆေးရုံတို့ကို ပို့ပေးခဲ့တယ်လို့ သိရပါတယ်။ ကျန်ရထားတွဲကိုးတွဲက ခရီးသည်တွေကိုလည်း သူတို့သွားလိုတဲ့နေရာတွေကို တခြားနည်းလမ်းတွေနဲ့ ဆက်လက်ပို့ဆောင်ပေးခဲ့တယ်လို့ ရထားပို့ဆောင်ရေးအရာရှိများက ပြောခဲ့ကြပါတယ်။
ရထားလမ်းချော်မှုကြောင့် ပျက်စီးမှုတွေကို ချက်ချင်း ပြန်လည်ပြင်ဆင်ခဲ့ပြီး နှောင့်နှေးမှုတွေရှိပေမယ့် ရထားပြေးဆွဲရေးလုပ်ငန်းများ ပုံမှန်ပြန်လည်လည်ပတ်နေနိုင်ပြီလို့ ရထားပို့ဆောင်ရေးဌာနက ကြေညာခဲ့ပါတယ်။
ရထားလမ်းချော်ရမှုအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြတယ်လို့ သိရပါတယ်။
Ref- Bangkok Post
