၉.၈.၂၀၂၅
Translated by Htwe Ko Tun
အဇာဘိုင်ဂျန်နိုင်ငံနဲ့ အာမေးနီးယားနိုင်ငံတို့ကခေါင်းဆောင်တွေဟာ သူတို့နှစ်နိုင်ငံအကြား ဆယ်စုနှစ်တွေနဲ့ ချီလာခဲ့ပြီဖြစ်တဲ့ ပဋိပက္ခကို အဆုံးသတ်နိုင်ကြစေဖို့ အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်ခံကျင်းပတဲ့အခမ်းအနားမှာပဲ သဘောတူညီချက်တစ်ရပ်ကို ဩဂုတ်လ ၈ ရက်က လက်မှတ်ထိုးခဲ့ကြပါတယ်။
သမ္မတဒေါ်နယ် ထရမ့်ပ်က သမိုင်းဝင်တဲ့ဖြစ်ရပ်ပဲလို့ ပြောကြားခဲ့တဲ့လက်မှတ်ထိုးပွဲမှာ အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ် အလီရက်ဗ်နဲ့ အာမေးနီးယားဝန်ကြီးချုပ် နီကိုးလ် ပါရှင်ယန်တို့ဟာ တစ်ဦးကိုတစ်ဦး လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။
သမ္မတထရမ့်ပ်က “ဒီနေရာရောက်ဖို့ ကျွန်တော်တို့ အချိန်တွေ အများကြီးယူပြီးလာခဲ့ရတယ်” လို့ ပြောခဲ့ပါတယ်။
သဘောတူညီချက်အရ နှစ်နိုင်ငံအကြား အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းတချို့ကို ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး ဒေသအတွင်း အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှုကိုလည်း တိုးတက်လာစေမှာပါ။
အဇာဘိုင်ဂျန်နိုင်ငံနဲ့ အာမေးနီးယားနိုင်ငံတို့ဟာ နာဂိုမို-ကရာဘက်ဒေသနဲ့ပတ်သက်လို့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ကြတာပါ။ နာဂိုမို-ကရာဘက်ဒေသမှာ အာမေးနီယားမျိုးနွယ်စုတွေနေထိုင်ကြတာဖြစ်ပြီး အဇာဘိုင်ဂျန်ဒေသအတွင်း တည်ရှိနေတာဖြစ်ပါတယ်။ ဒီဒေသအပေါ်အငြင်းပွားမှုက ၁၉၈၀ ပြည့်လွန်နှစ်တွေနဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ နှစ်နိုင်ငံတိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီး အဲဒီကစလို့ နှစ်ပေါင်းများစွာ အကြမ်းဖက်မှု တွေရှိခဲ့တာပါ။
ထရမ့်ပ်က နှစ်နိုင်ငံစလုံးက တိုက်ခိုက်မှုတွေအားလုံးကို ရပ်ဆိုင်းပြီး နှစ်နိုင်ငံအကြားခရီးသွားလာမှု၊ စီးပွားရေးလုပ်ငန်းတွေနဲ့ သံတမန်ဆက်ဆံမှုတို့ ပြန်လည်စတင်ဖို့သဘောတူခဲ့ကြတယ်လို့ ဩဂုတ်လ ၈ ရက်မှာ ဆိုပါတယ်။ သူက “၃၅ နှစ်ကြာတိုက်ခိုက်လာခဲ့ကြတဲ့ ရန်သူတွေဟာ ဒီနေ့ဆို မိတ်ဆွေတွေ ဖြစ်သွားကြပြီ။ သူတို့တွေ နောင်နှစ်ပေါင်းများစွာမိတ်ဆွေတွေအနေနဲ့ပဲ တည်ရှိနေကြမှာပါ” လို့ ဆက်လက်ပြောခဲ့ပါတယ်။
အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ်အလီရက်ဗ်က ဒီနေ့မှာတော့ ကော့ကေးရှပ်ဒေသမှာ ငြိမ်းချမ်းရေးကိုကျွန်တော်တို့ ထူထောင်နိုင်ခဲ့ကြပြီ။ ကျွန်တော်တို့အကြားစစ်ပွဲတွေကြောင့် နှစ်ပေါင်းများစွာအချိန်တွေကုန်ခဲ့ရပြီး အလုပ်အကိုင်တွေနဲ့အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရတယ်” လို့ ပြောခဲ့ပါတယ်။
အာမေးနီးယားဝန်ကြီးချုပ် နီကိုးလ် ပါရှင်ယန်ကလည်း “ဒီလက်မှတ်ထိုးပွဲက နှစ်နိုင်ငံအကြား သမိုင်းမှတ်တမ်းဝင်မယ့်နေ့တစ်နေ့ပါပဲ” ပါပဲလို့ ပြောခဲ့ပါတယ်။
Ref – BBC


