
MT News
၈ . ၈. ၂၀၂၅
၆ ကြိမ်မြောက် “Yuntianhua Scholarship” ဆုချီးမြှင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ဩဂုတ် ၇ ရက်က ကျင်းပခဲ့ပြီး ထူးချွန်ကျောင်းသား/ ကျောင်းသူ ၁၀၄ ဦးအား “ယွင်ထျန်းဟွ ပညာသင်ဆု(Yuntianhua Scholarshi)” ပေးအပ်ချီးမြှင့်ခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး အိုးယန် သောက်ပင်းက “Yuntianhua Scholarship” နှင့် “Yuntianhua Study Abroad Fund” စီမံကိန်းသည် မြန်မာနိုင်ငံမှ ထူးချွန်ကျောင်းသား/ ကျောင်းသူများအပေါ် အသိအမှတ်ပြုခြင်းသာမက တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူများ၏ နက်ရှိုင်းသော ဆွေမျိုး ပေါက်ဖော်ရင်းနှီးချစ်ကြည်မှု၏ သက်ဝင်လှုပ်ရှားသော ပြသမှုလည်း ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ဆုရကျောင်းသူ/ ကျောင်းသားများသည် တရုတ်-မြန်မာ ချစ်ကြည်ရေး လက်ဆင့်ကမ်းသူဖြစ်လာပြီး ကျွမ်းကျင်မှုစွမ်းရည်ဖြင့် နှစ်နိုင်ငံ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုအား ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်ရေး တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံ စားနပ်ရိက္ခာဖူလုံရေးနှင့် လယ်သမားများ ဝင်ငွေတိုးတက်ရေးအတွက် အရေးပါသော အနက်အဓိပ္ပာယ်ရှိကြောင်း၊ “Yuntianhua Scholarship” သည် ကျောင်းသား/ ကျောင်းသူများအား ပညာရေးနှင့် သုတေသနတွင် ပိုမိုအာရုံစိုက်နိုင်စေပြီး မြန်မာနိုင်ငံ လူ့စွမ်းအားအရင်းအမြစ် ပျိုးထောင်ရေးအတွက် အကျိုးထမ်းဆောင်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမင်းနောင်က အမှာစကားတွင် အလေးနက်ပြောကြားခဲ့သည်။

အနာဂတ်တွင် Yuntianhua Group သည် မြန်မာနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် နက်ရှိုင်းစေကာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် အတူလက်တွဲပြီး “Yuntianhua Scholarship” နှင့် “Yuntianhua Study Abroad Fund” မှတစ်ဆင့် ပိုမိုများပြားသော ထူးချွန်လူငယ်များအား မြန်မာ့စိုက်ပျိုးရေးကဏ္ဍ၏ ကျွမ်းကျင်ပညာရှင်များနှင့် နည်းပညာဆိုင်ရာ မဏ္ဍိုင်များဖြစ်လာစေရန် ကူညီပံ့ပိုးမည်ဖြစ်ကြောင်း Yuntianhua Group Co.,Ltd. ပါတီ ဒုတိယအတွင်းရေးမှူး၊ အထွေထွေမန်နေဂျာ၊ ဒုတိယ ဥက္ကဋ္ဌ သွမ့်ဝန်ဟန့်က ပြောကြားခဲ့သည်၊
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် သံမှူး အိုးယန်သောက်ပင်း၏ အတူသက်သေပြုမှုအောက်တွင် သွမ့်ဝန်ဟန့်နှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီမြင့်တို့က ဒုတိယအကြိမ် “Yuntianhua Study Abroad Fund” နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

၂၀၂၅ ခုနှစ်နှောင်းပိုင်းတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ထူးချွန် ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ ၃၈ ဦးသည် တရုတ်နိုင်ငံ ယူနန်စိုက်ပျိုးရေးတက္ကသိုလ်တွင် ပညာတော်သင် အပြန်အလှန်ခရီးစဉ်များ ဖော်ဆောင်မည်ဖြစ်ကြောင်း၊ စီမံကိန်း စတင်သည့် ၂၀၁၇ ခုနှစ်မှစ၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၅၀၅ ဦးကို ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ကြောင်း၊ “Yuntianhua Study Abroad Fund” ဖြင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ ၃၈ ဦးကို တရုတ်နိုင်ငံ အဆင့်မြင့်ပညာရေး တက္ကသိုလ်ကျောင်းများသို့ လေ့လာဖလှယ်ရေး လုပ်ဆောင်ရန် ကူညီပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
Ref, Xinhua
