MT News
၈. ၈. ၂၀၂၅
တအောင်းလက်နက်ကိုင် TNLA နယ်မြေလုယက်ထိန်းချုပ်ခဲ့မှုကြောင့် ကလေးငယ်များ၏ပညာရေး တစ်နှစ်ခန့်ပြတ်တောက်သွားခဲ့သော နောင်ချိုမြို့မှ TNLA ၊ DPLA နှင့် MDY PDF တို့ ဇူလိုင် ၁၅ ရက်တွင် အကျအဆုံးများစွာနှင့် ထွက်ပြေးအပြီး ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သော နောင်ချိုမြို့တွင် ကလေးငယ်ပေါင်း ၄၄၀၀ ကျော် ပြန်လည် ပညာသင်ကြားနိုင်နေပြီဖြစ်သည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့၌ TNLA၊ DPLA နှင့် MDY PDF တို့ကြောင့် အခြေခံပညာကျောင်းများအား တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသော်လည်း ယခု ဇူလိုင်လ ၂၅ ရက်မှစ၍ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ကာ ကျောင်းသား၊ ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၇ ရက်အထိ ကျောင်းပေါင်း ၂၆ ကျောင်း ဖွင့်လှစ်ထားပြီး စုစုပေါင်း ကျောင်းသား/ ကျောင်းသူ ၄၄၀၈ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
ထို့ပြင် ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ကာ ဩဂုတ်လ ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံတိုင်းရင်းသား ပြည်သူများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့တွင် ပြည်သူ့ဆေးရုံကြီး၌ ပြင်ပလူနာစုစုပေါင်း ၄၈ ဦးတို့ကို ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး အတွင်းလူနာအဖြစ် အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၃၁ ဦး တက်ရောက်ဆေးကုသမှုခံယူလျက်ရှိရာ ဆေးအဖွဲ့များက လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။





