၈. ၈. ၂၀၂၅
Written by Nyein Kyaw
ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၈၄၅,၃၇၆ တန်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ဒေါ်လာသန်း ၂၉၀ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုတွင် ဆန်တင်ပို့မှုအနေဖြင့် တန်ချိန် ၄၅၃,၅၀၁ တန်တင်ပို့ခဲ့ပြီး ဆန်ကွဲတင်ပို့မှုအနေဖြင့် တန်ချိန် ၃၉၁,၈၇၅ တန် တင်ပို့ထားနိုင်ခဲ့ခြင်းဖြစ်သည်။
ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် သုံးသန်းခန့်တင်ပို့ရန် လျာထားကြောင်း MRF ဥက္ကဋ္ဌက ပြောကြားထားသည်။ အဆိုပါ လျာထားချက် ပြည့်မီစေရန် လစဉ်တန်ချိန်နှစ်သိန်းခွဲဝန်းကျင် တင်ပို့နိုင်ရမည်ဖြစ်သည်။
လက်ရှိတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရာတွင် နယ်စပ်ကုန်သွယ်မှုကို အသုံးမပြုနိုင်သေးဘဲ ပင်လယ်ရေကြောင်းမှသာ တင်ပို့နေရခြင်းကြောင့် ယခုဘဏ္ဍာနှစ်အစ ဧပြီလတွင် ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁၄၂,၇၈၈ တန်သာ တင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာ ၅၂ သန်းသာရရှိခဲ့သည်။
သို့သော် မေလတွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၅၉,၅၀၁ တန် တင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာသန်း ၉၀၊ ဇွန်လတွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၁၂,၄၁၅ တန်တင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာ ၇၁ သန်းနှင့် ဇူလိုင်လတွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၃၀,၆၇၁ တန် တင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာ ၇၇ သန်းရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် လျာထားချက်ပမာဏ တန်ချိန်နှစ်သန်းခွဲ မပြည့်မီခဲ့ဘဲ တန်ချိန် ၂ ဒသမ ၄၈၇ သန်း (လျာထားချက်၏ ၉၉ ရာခိုင်နှုန်းကျော်)သာ တင်ပို့နိုင်ခဲ့ကြောင်း MRF မှ ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။
