၈. ၈. ၂၀၂၅
Translated by Thettant
မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဒါတွတ်ဆရီ မိုဟာမက်ဟာဆန်သည် ထိုင်း၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ စက်တင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်ဟု သိရသည်။
အရေးပေါ်အခြေအနေကာလ ပြီးဆုံးပြီးနောက် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးသစ်နှင့်ပတ်သက်ပြီး ရှင်းလင်းပြတ်သားသည့် ပုံရိပ်ရရှိရန် ဤခရီးစဉ်ကို စီစဉ်ခြင်းဖြစ်ကြောင်း ဟာဆန်က ပြောကြားခဲ့သည်။
“ဒါကို ကျွန်တော် လေ့လာချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ ဒါကြောင့် သူတို့ဟာ သူတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အရေးပေါ်အခြေအနေကို ရုပ်သိမ်းခဲ့တာ ဒါမှမဟုတ် သက်တမ်းတိုးခြင်း မရှိခဲ့တာပါ။ ဒါကြောင့် သူတို့ရဲ့ရွေးကောက်ပွဲဟာ ဘက်စုံပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်မဖြစ်ကို သူတို့နဲ့ ဆွေးနွေးချင်ပါတယ်” ဟု ၎င်းက ယနေ့ သောကြာနေ့ (ဩဂုတ် ၈ ရက်) တွင် ကျင်းပသည့် ၅၈ ကြိမ်မြောက် အာဆီယံနေ့အခမ်းအနား တက်ရောက်ပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့သည်။
ယင်းအခမ်းအနား၌ မလေးရှားဝန်ကြီးချုပ် ဒါတက်ဆရီ အန်ဝါအီဘရာဟင်ကလည်း အာဆီယံအနေဖြင့် မြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲရေးအတွက် တိုးတက်မှုအချို့ ရှိနေပြီဖြစ်ကြောင်း မိန့်ခွန်းပြောကြားခဲ့သည်။
“ကျွန်တော် နားလည်ထားသလောက်တော့ ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူ မြန်မာနိုင်ငံကို မကြာမီ သွားရောက်မှာပါ။ ဒီခရီးစဉ်က သူတို့ကို အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေကို အဆုံးသတ်ပြီး သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ တွန်းအားပေးဖို့ ဖြစ်ပါတယ်” ဟုလည်း အန်ဝါက ပြောကြားခဲ့သည်။
Ref, The Star


