၃၁.၇.၂၀၂၅
Written by Hey Mar
ရဟန်းတစ်ပါးမောင်းနှင်လာတဲ့ကားက ကုန်တင်ကားကိုကျော်တက်ရာကနေ အရှိန်လွန်ပြီး တစ်ဖက်ယာဉ်ကြောမှာ ရပ်တန့်ကာ ခရီးသည်စောင့်ဆိုင်းနေတဲ့ သုံးဘီးယာဉ်နှစ်စီးကို တိုက်မိတာကြောင့် လူ ၁ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရရှိမှု ဒီနေ့ ဇူလိုင် ၃၁ ရက် မနက် ၇ နာရီဝန်းကျင်က ကျိုက်လတ်-မအူပင် ကားလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ကျိုက်လတ် – မအူပင်ကားလမ်းမကြီး ဘုံလုံချောင်းတံတားအတက် ကျိုက်လတ်ဘက်အခြမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူက သုံးဘီးယာဉ်မောင်းလို့လည်း သိရပါတယ်။
“ကျွန်တော်တို့ဆီ သတင်းဝင်လာတော့ အသင်းကနေ ကားသုံးစီးနဲ့ စေတနာ့ဝန်ထမ်းခြောက်ဦး သွားရောက်ကူညီခဲ့ပါတယ်။ သုံးဘီးပေါ်က လူနာ (၁၆)ဦးကို မြေပြင်ပြုစုပြီး ဆေးရုံပို့ပေမယ့် တစ်ဦးက လက်ပေါ်တင်သေဆုံးပါတယ်” လို့ ရေကြည်တော် လူမှုကူညီရေးအသင်းတာဝန်ရှိသူက MT News ကို ပြောပါတယ်။
ရဟန်းတစ်ပါးမောင်းလာတဲ့ကားကတော့ ထိခိုက်ပျက်စီးမှုများပေမယ့် ယာဉ်ပေါ်ပါသူ (အရေအတွက်အတိအကျ မသိရ) အန္တရာယ်ကင်းကာ ကုန်ကားမှာလည်း တခြားကားတွေကို မတိုက်မိအောင် လမ်းဘေးဆွဲချခဲ့ကြောင်းလည်း သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကို ရေကြည်တော် လူမှုကူညီရေးအသင်းမှယာဉ်နဲ့ ကျိုက်လတ်ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံက ပြင်းထန်ဒဏ်ရာရရှိသူ သုံးဦးကို ဖျာပုံဆေးရုံကြီးဆီ ထပ်မံလွှဲတာကြောင့် လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရပါတယ်။






