၂၇.၇.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ုပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံစလုံးရဲ့ ခေါင်းဆောင်တွေကို နှစ်နိုင်ငံကြား ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ဆိုင်းကြဖို့ တိုက်တွန်းပြောကြားလိုက်ပြီး တကယ်လို့ နှစ်နိုင်ငံအကြားတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေမယ်ဆိုရင် အမေရိကန်အနေနဲ့ ဘယ်နိုင်ငံနဲ့မှ ကုန်သွယ်မှုပြုလုပ်မှာ မဟုတ်ဘူးလို့ ဇူလိုင်လ ၂၆ ရက်ညပိုင်းမှာ သတိပေးပြောကြားခဲ့ပါတယ်။
နှစ်နိုင်ငံစလုံးကလည်း သူတို့အနေနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်သွားလိုပါတယ်လို့ ပြောကြားနေကြတာပါ။ ဒါပေမယ့်လည်းသတင်းတွေအရ အိမ်နီးချင်းနှစ်နိုင်ငံအကြား တိုက်ခိုက်မှုတွေက ဇူလိုင်လ ၂၇ ရက်မှာလည်း စတုတ္ထမြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။




ကမ္ဘာလှည့်ခရီးသွား သန်းနဲ့ချီ လာရောက်ကြရာ ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံစလုံးအနေနဲ့ သူတို့ရဲ့ နယ်စပ်အငြင်းပွားမှုအပေါ် နှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံးသောပဋိပက္ခကိုလည်း ရင်ဆိုင်နေကြရတာဖြစ်ပြီး တိုက်ခိုက်မှုတွေရဲ့ စတုတ္ထနေ့နံနက်အထိ ပစ်ခတ်မှုတွေအတွင်း နှစ်ဖက် ၃၃ ဦးသေဆုံးခဲ့ရပြီဖြစ်ကာ ပြည်သူနှစ်သိန်းကျော်ကိုလည်း အိုးအိမ်စွန့် ပြောင်းရွှေ့ပေးခဲ့ရပါတယ်။
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့တိုက်တွန်းသတိပေးချက်အပြီးမှာတော့ နှစ်ဖက်စလုံးက သူတို့အနေနဲ့ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့ လိုလားတယ်လို့ပြောခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေး မြန်ဆန်စွာပြုလုပ်နိုင်အောင် တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့ကြပြီလို့ ပြောခဲ့ကြပါသေးတယ်။
ဒါပေမယ့်လည်း ဇူလိုင်လ ၂၇ ရက်နံနက်မှာ နှစ်နိုင်ငံနယ်စပ်အနီးက ကြာမြင့်စွာအငြင်းပွားနေခဲ့တဲ့ ရှေးဟောင်း ဘုရားရှိခိုးကျောင်း နှစ်ခုနားမှာ လက်နက်ကြီးပစ်ခတ်မှုတွေက စတုတ္ထမြောက်နေ့အဖြစ် ထပ်မံဖြစ်ပွားလာခဲ့ပါတယ်။

ကမ္ဘောဒီးယား၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာလီ ဆိုချီတာက နံနက် ၄ နာရီ မိနစ် ၅၀ လောက်က ဘုရားရှိခိုးကျောင်းတွေတစ်ဝိုက်မှာ ထိုင်းဘက်က စတင်တိုက်ခိုက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ထိုင်းစစ်တပ် လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ရစ်ချာ ဆပ်ဆူဝါနွန် ကလည်း ကမ္ဘောဒီးယားတပ်ဖွဲ့ တွေက နံနက် ၄ နာရီလောက်မှာ လက်နက်ကြီးတွေနဲ့စတင်ပစ်ခတ်လာတယ်လို့ ပြောခဲ့ပါတယ်။ နှစ်ဖက်စလုံးကတော့ မဟာဗျူဟာကျတဲ့ နယ်စပ်ဒေသအတွင်း ဘုရားကျောင်းတွေတစ်ဝိုက်နေရာကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြတာပါ။
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန် မာနက်က သူ့နိုင်ငံအနေနဲ့ နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းလက်ငင်းနဲ့ ခြွင်းချက်မရှိပြုလုပ်ရေးအတွက် အဆိုပြုချက်ကို သဘောတူပါတယ်လို့ ဇူလိုင် ၂၆ ရက်က ပြောခဲ့ပါတယ်။ သူက ထိုင်းနိုင်ငံနဲ့ ချိတ်ဆက်ညှိနှိုင်းဖို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအို နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းအစိုးရက သဘောတူဘီမှုတစ်ခုခုရရှိဖို့အပေါ် လိုလားမှုမရှိ ကတိပျက်ခဲ့တယ်လို့ သူကပြောခဲ့ပါသေးတယ်။

ထရမ့်ပ်က တိုက်တွန်းပြောဆိုအပြီးမှာ ထိုင်းကြားဖြတ်ဝန်ကြီးချုပ် ဖွမ်သမ် ဝီချာရာချိုင်းက သူ့အနေနဲ့လည်း အပစ်အခတ်ရပ်စဲရေးအတွက် အခြေခံမူကို သဘောတူခဲ့ပြီး ဆွေးနွေးပွဲတွေကို ဖြစ်နိုင်သမျှ အမြန်ဆုံးပြုလုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် သူကလည်း ကမ္ဘောဒီးယားအနေနဲ့ ငြိမ်းချမ်းရေးအတွက် ရိုးရိုးသားသား အလေးထားဦးတည်ဖို့လိုမယ်လို့ သတိပေးခဲ့ပါတယ်။
အိမ်နီးချင်းနှစ်နိုင်ငံအနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ပြစ်တင် ပြောဆိုနေကြတာ တွေ့ရမှာပါ။
Ref- Bangkok Post
