၂၇.၇.၂၀၂၅
Translated by Htwe Ko Tun
စင်ကာပူနိုင်ငံမှာ Tanjong Katong Road South လမ်းရဲ့ Amber ကွန်ဒိုမီနီယံနားက အပိုင်းတစ်ပိုင်း ဟာ ဇူလိုင်လ ၂၆ ရက်၊ ညနေ ၅ နာရီမှာ ရုတ်တရက် ပြိုကျခဲ့လို့ အမျိုးသမီးတစ်ဦးမောင်းနှင်လာသော ကားတစ်စီးမှာ ပြိုကျလမ်းရဲ့ရေတွေပြည့်နေတဲ့ မြေအောက်တွင်းအတွင်းကို ပြုတ်ကျခဲ့ရတယ်လို့ သိရပါတယ်။
ယာဉ်မောင်းအမျိုးသမီးကတော့ တွင်းထဲကျသွားတဲ့ ကားထဲမှာပိတ်မိနေခိုက် အနီးအနားမှာရှိတဲ့ အလုပ် သမားတွေ အကူအညီနဲ့ ပြန်လည်ကယ်ဆယ်လိုက်နိုင်ကာ ဆေးရုံကိုတင်ပို့ခဲ့တယ်လို့လည်း သိရပါတယ်။ ပြိုကျသွားတဲ့ တွင်းက သုံးမီတာလောက်နက်တယ်လို့လည်း ဆိုပါတယ်။

စင်ကာပူနိုင်ငံရဲ့ ရေအရင်းအမြစ် အေဂျင်စီဖြစ်တဲ့ PUB က လမ်းပြိုကျပြီး တွင်းကြီးဖြစ်ခဲ့တဲ့နေရာက Tanjong Katong Road South လမ်းနဲ့ Mountbatten Road တို့ ဆုံရာ လမ်းဆုံအနီးမှာရှိ တယ်လို့ ပြောခဲ့ပါတယ်။ PUB က “မော်တော်ကားက လမ်းပြိုကျလို့ဖြစ်လာတဲ့ မြေအောက်တွင်းကြီးထဲ ပြုတ်ကျသွားခဲ့တယ်။ အမျိုးသမီးယာဉ်မောင်းကိုတော့ ကယ်ဆယ်လိုက်နိုင်ပြီး သတိရလျက်ပဲ Raffles ဆေးရုံကိုတင်ပို့ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
အဖြစ်အပျက်မှာ ရေဖြန့်ဖြူးတဲ့ အဓိကပိုက်လိုင်းကြီးနှစ်ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အခုအခါ ကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က လမ်းပြင်ဆင်ရေးလုပ်ငန်းတွေကို စတင်နေပြီး လမ်းကိုလည်း နှစ်ဖက်စလုံးမှ ပိတ်ထားတယ်လို့ သိရပါတယ်။ယာဉ်မောင်းတွေကိုလည်း တခြားလမ်းလွဲတွေက သွားကြဖို့ နှိုးဆော်ထားပါတယ်။

ဒဏ်ရာရယာဉ်မောင်းအမျိုးသမီးဟာ ည ၁၀ နာရီလောက်မှာတော့ ပခုံးနာနေမှုသာရှိပေမယ့် လမ်းမလျှောက်နိုင်သေးဘဲ ဆေးရုံမှာ ဆက်လက်ဆေးစစ်ဆေးမှု ခံယူနေရတယ်လို့ သိရပါတယ်။
အဖြစ်အပျက်မှာ ရေဖြန့်ဖြူးမှုကို ထိခိုက်သွားတဲ့အတွက် အနီးအနားက အဆောက်အအုံတွေမှာ ရေပြတ်လပ်သွားခဲ့တယ်လို့ သိရပါတယ်။
Ref- CNA
