ပုံစာ။ အိန္ဒိယနိုင်ငံဘက်ခြမ်းတွင် မူးယစ်ဆေးနှင့် လက်နက်မှောင်ခိုသယ်ဆောင်မှုဖြင့် ဖမ်းမိထားသော ချင်းလက်နက်ကိုင် MDF ဒုဥက္ကဋ္ဌအပါအဝင် ချင်းလူမျိုးများကို တွေ့ရစဥ်။
၂၆. ၇. ၂၀၂၅
Translated by Thettant
မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံ၊ ချမ်ဖိုင်ခရိုင်ရှိ Young Mizo Association (YMA) ၏ လက်အောက်ခံဌာနချုပ်သည် ဒေသတွင်းနေထိုင်သော မြန်မာဒုက္ခသည်များအတွက် ညွှန်ကြားချက်အသစ်များ ထုတ်ပြန်ခဲ့ရာ အဆိုပါ ညွှန်ကြားချက်များအရ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု သို့မဟုတ် လက်ဝယ်ထားရှိမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသည့် မည်သည့် မြန်မာဒုက္ခသည်မဆို ထောင်ဒဏ်ကျခံပြီးနောက် မြန်မာနိုင်ငံသို့ ပြည်နှင်ဒဏ်ပေးခံရမည်ဟု လမ်းညွှန်ချက်များတွင် ဖော်ပြထားသည်။
ယခုသီတင်းပတ်တွင် YMA လက်အောက်ခံဌာနချုပ်သည် ဒုက္ခသည်များအား မျိုးနွယ်စုခွဲများအလိုက် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းကို တားမြစ်သည့် စည်းမျဉ်းများကို ချမှတ်ခဲ့သည်။ ဤလုပ်ဆောင်ချက်သည် တူညီသော လမ်းညွှန်ချက်များရှိစေရန်နှင့် ပံ့ပိုးကူညီမှုနှင့် ထောက်ပံ့မှုများကို တန်းတူရရှိစေရန် ရည်ရွယ်သည်။
“သူတို့ (ဒုက္ခသည်များ) ဟာ သူတို့နေထိုင်တဲ့ ဒေသတွေ၊ ကျေးရွာတွေရဲ့ သက်ဆိုင်ရာ YMA ယူနစ်တွေမှာ ကိုယ့်ကိုယ်ကိုယ် စာရင်းသွင်းပြီး သူတို့ရဲ့ မြန်မာနိုင်ငံသား စိစစ်ရေးကတ်တွေကို YMA ခေါင်းဆောင်တွေဆီ ပေးအပ်ရမယ်။ ဒေသတွင်း လူမှုရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို ချိုးဖောက်သူတိုင်းကို အပြစ်ပေးခံရမှာ ဖြစ်တယ်” ဟု ညွှန်ကြားချက်များတွင် ဖော်ပြထားသည်။
ဒုက္ခသည်တစ်ဦးသည် နေရာပြောင်းရွှေ့ရန် ရည်ရွယ်ပါက လက်ရှိ YMA ယူနစ်က နေရာအသစ်ရှိ ယူနစ်ကို ကြိုတင်အကြောင်းကြားမည်ဖြစ်သည်။ ဒုက္ခသည်များသည် အစိုးရခွင့်ပြုချက်လိုအပ်သော လုပ်ငန်းများ လုပ်ကိုင်ခြင်း သို့မဟုတ် မြေယာ သို့မဟုတ် အဆောက်အအုံများ ပိုင်ဆိုင်ခြင်းတို့ကိုလည်း တားမြစ်ထားသည်။
ဗုဒ္ဓဟူးနေ့တွင် အဓိကကျသော အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ကျောင်းသားအဖွဲ့အစည်းများ ပေါင်းစည်းထားသော အဖွဲ့ဖြစ်သည့် အိုက်ဇောလ်အခြေစိုက် NGO ပေါင်းစပ်ညှိနှိုင်းရေးကော်မတီသည် မြန်မာနှင့် မဏိပူရတွင် ဖြစ်ပွားနေသော တိုင်းရင်းသား ပဋိပက္ခများအကြားနှင့် ဒုက္ခသည်များအကြား မျိုးနွယ်စုခွဲခြားသော စိတ်ဓာတ်များ ပေါ်ပေါက်လာခြင်းအပေါ် နက်ရှိုင်းစွာ စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။
အိုက်ဇောလ်တွင် ကျင်းပသည့် အစည်းအဝေးတစ်ခုတွင် ကော်မတီက မီဇိုရမ်သည် ဇိုတိုင်းရင်းသားမျိုးနွယ်စုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရာ ခိုလှုံရာနေရာတစ်ခု ဖြစ်ခဲ့သည်ဟု အလေးအနက် ပြောကြားခဲ့သည်။ ပြည်သူများနှင့် ဒုက္ခသည်များအား ပြည်နယ်၏ သဟဇာတဖြစ်မှုကို ခြိမ်းခြောက်နိုင်သည့် ကွဲပြားသော၊ မျိုးနွယ်စုအခြေခံသော အတွေးအခေါ်များ တိုးပွားလာခြင်းကို တားဆီးရန် တိုက်တွန်းခဲ့သည်။
ဤထုတ်ပြန်ချက်သည် မြန်မာနိုင်ငံ ချင်းပြည်နယ်တွင် ချင်းမျိုးနွယ်စုခွဲလက်နက်ကိုင်များအကြား မကြာသေးမီက ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခစစ်ပွဲများကြောင့် ရာနှင့်ချီသော ဒုက္ခသည်များ မီဇိုရမ်သို့ ထွက်ပြေးခဲ့ရပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အိမ်နီးချင်း မဏိပူရတွင် မီတေးလူ့အဖွဲ့အစည်းနှင့် ကူကီးနှင့် ဇိုမီးအဖွဲ့များ၊ မီဇိုများနှင့် နီးစပ်သော တိုင်းရင်းသားလူ့အဖွဲ့အစည်းများကြား တင်းမာမှုများ မြင့်မားနေဆဲဖြစ်သည်။ ယခင်ဖြစ်စဉ်များက နိုင်ငံရေးကွဲပြားမှုများသည် ကူကီးနှင့် ဇိုမီးကဲ့သို့ ယဉ်ကျေးမှုအရ တူညီသောအဖွဲ့များကြားတွင်ပင် ပဋိပက္ခဖြစ်စေနိုင်သည်ကို ပြသခဲ့သည်။
ချမ်ဖိုင်ခရိုင် ရဲအရာရှိများက ခေါမွေ၊ ရိခေါဒါရ်နှင့် အနီးအနားရှိ ချင်းပြည်နယ်ကျေးရွာများမှ ချင်းလက်နက်ကိုင်အချင်းချင်း အကြမ်းဖက်မှုများကြောင့် ဇိုခေါသာရ်ရွာသို့ ထွက်ပြေးလာခဲ့သည့် ဒုက္ခသည် ၄,၀၀၀ နီးပါးသည် ပဋိပက္ခများ အေးဆေးမှုအစ တွေ့မြင်ရပြီးနောက် နေရပ်သို့ ပြန်လည်ရောက်ရှိသွားကြပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံသည် မြန်မာဘက်မှ လက်နက်ကိုင်ပဋိပက္ခကြောင့် ချင်းလူမျိုးအများစုဖြစ်သော မြန်မာဒုက္ခသည်များ ၅၀၀၀၀ ကျော်ကို လက်ခံပေးထားသော်လည်း မြန်မာနိုင်ငံ ချင်းပြည်နယ်သည် အိန္ဒိယနိုင်ငံသို တရားမဝင်တင်ပို့နေသည့် မူးယစ်ဆေးဝါး မှောင်ခိုမှု၊ တောရိုင်းတိရစ္ဆာန် မှောင်ခိုမှုနှင့် လက်နက်မှောင်ခိုမှုအပါအဝင် အခြားတရားမဝင် လုပ်ဆောင်မှုများအတွက် အဓိကဗဟိုချက်တစ်ခု ဖြစ်လာခဲ့သဖြင့် နယ်စပ်အကျပ်အတည်းများလည်း ကြုံတွေ့နေရသည်။
Ref, The Times of India




