၁၈.၇.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုမှာ ဒေသတွင်းပြေးဆွဲနေတဲ့ ခရီးသည်တင် ဂျက်လေယာဉ်တစ်စင်းဟာ လေယာဉ်ပေါ်ပါခရီးသည်တစ်ဦးက လေယာဉ်ရဲ့ အရေးပေါ်တံခါးဝကို ဖွင့်ရန်ကြိုးစားတဲ့အတွက် ပျံသန်းရေးခရီးစဉ်အတွက် လေယာဉ်အမှုထမ်းတစ်ဦးနဲ့ အော်ကြီးဟစ်ကျယ်အငြင်းအခုန် ဖြစ်ခဲ့ကြပြီးတဲ့နောက်မှာတော့ အိုင်အိုဝါးပြည်နယ်ရဲ့ Cedar Rapids မြို့ကို ဇူလိုင်လ ၁၇ ရက်က အရေးပေါ်ပြန်လည်ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။
SkyWest လေကြောင်းလိုင်းက တာဝန်ယူမောင်းနှင်နေတဲ့ အဆိုပါလေယာဉ်ဟာ အိုမားဟားမြို့ကနေ ဒက်ထရွိုက်မြို့ကို ပျံသန်းလာနေတုံး အဆိုပါ အနှောင့်အယှက် အဖြစ်အပျက်နဲ့ ဒေသစံတော်ချိန် ည ၇ နာရီလောက်မှာကြုံခဲ့ရတာလို့ ပြည်ထောင်စုလေကြောင်းပျံသန်းမှု စီမံခန့်ခွဲရေးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ခရီးသည်က အရေးပေါ်တံခါးဝကို မဖွင့်နိုင်ခဲ့ဘဲလေယာဉ်ဟာလည်း လေဆိပ်ကို ဘေးအန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
လူမှုကွန်ရက်မှာ ခရီးသည်တစ်ဦးရဲ့ ဗီဒီယို ရိုက်ကူးချက်အရ ဥပဒေစိုးမိုးရေးအဖွဲ့ဝင်တွေက လူတစ်ဦးကို သူ့ရဲ့ လက်တွေကို နောက်ဘက်မှာထိန်းချုပ်ထားကာ လေယာဉ်ပေါ်မှ ခေါ်လာတာတွေ့ရပါတယ်။
SkyWest လေကြောင်းလိုင်းအတွက် ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေရဲ့လုံခြုံစိတ်ချရမှုက ပထမ ဦးစားပေးဖြစ်ကာ စည်းကမ်းမလိုက်နာတဲ့အပြုအမူတွေကို လုံးဝသည်းခံမှာမဟုတ်ဘူးလို့ ကြေညာချက် ထုတ်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်အတွင်းမှာ အမေရိကန်ပြည်ထောင်စုတစ်ဝန်း လေယာဉ်တွေပေါ်မှာ စည်းကမ်းမလိုက်နာတဲ့ အပြုအမူတွေ ပြုလုပ်တဲ့ ခရီးသည် ၈၇၀ ကို အရေးယူခဲ့တယ်လို့ ပြည်ထောင်စုလေကြောင်းပျံသန်းမှု စီမံခန့်ခွဲရေးက ကြေညာခဲ့ပါတယ်။
Ref- CNN
