
၁၂.၇.၂၀၂၅
Written By Zun
ကရင်ပြည်နယ်၊ မြဝတီ-ဒေါနတောင်လမ်းဟောင်းတွင် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျ၍ ၅ ဦးဒဏ်ရာရမှု ယနေ့ ဇူလိုင်လ ၁၂ ရက် က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ ညနေ ၃ နာရီအချိန်ခန့်က မြဝတီမြို့သို့သွားမည့် မြဝတီ-ဒေါနတောင်လမ်းဟောင်း ၏အလယ် ဘိုတဲအကျော်တွင် ခရီးသည် ၁၀ ဦးအား တင်ဆောင်၍ ဒေါနတောင်လမ်းဟောင်းအတိုင်းမောင်းနှင်လာသော အမဲရောင် Vigo အမျိုးအစားခရီးသည်တင်ကား လမ်းဘေးချော်ပြီး ချောက်ထဲထိုးကျ တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် ယာဉ်ပေါ်ပါ ခရီးသည် ၁၀ ဦးထဲမှ ၅ ဦးဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများတွင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့မှာ စိုးရိမ်ရကြောင်း မြဝတီမြို့ အလင်းသစ်- Rescue Myawaddy က သိရသည်။
“လူနာတွေကို ဖြစ်စဉ်ဖြစ်ပြီး တစ်နာရီကျော်လောက်မှ ဆေးရုံကို ပို့ပြီးပါတယ်။ မြဝတီဆေးရုံ ကို ပို့ခဲ့တာပါ။ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးနှစ်ယောက်က စိုးရိမ်ရပါတယ်”ဟု မြေပြင်တွင် လိုက်ပါ ကူညီသူတစ်ဦးက MT News ကို ပြောသည်။
ယခု ဇူလိုင်လ ၇ ရက်ကလည်း မြဝတီမြို့မှ ကားတာယာများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်တစ်စီး ဒေါနတောင်လမ်းဟောင်းတွင် လမ်းဘေးချော်၍ ချောက်ထဲပြုတ်ကျမှုဖြစ်ပွားပြီး ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ကြောင်း MT News က ဖော်ပြခဲ့သေးသည်။
