ပုံစာ။ ဆီးရီးယား ကြားဖြတ်ခေါင်းဆောင် အာမက် အယ်လ် ရှာရာနှင့် ထရမ့်တို့ မေလအတွင်းက တွေ့ဆုံကြစဥ်။
၁.၇.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတဒေါ်နယ်ထရန့်က ဆီးရီးယားနိုင်ငံအပေါ် အမေရိကန်၏ပိတ်ဆို့မှုများကို ဖျက်သိမ်းကြောင်း အမိန့်တစ်ရပ်ကို ဇွန်လ ၃၀ ရက်က လက်မှတ်ရေးထိုးခဲ့ရာ ကမ္ဘာ့ငွေရေးကြေးရေးစနစ်မှ ဆီးရီးယားနိုင်ငံအားသီးသန့် အဆက်အသွယ်ဖြတ်ထားမှုကို အဆုံးသတ်စေမည့် ခြေလှမ်းတစ်ရပ်လည်းဖြစ်ခဲ့သည်။
ထို့မတိုင်မီကပင် အိမ်ဖြူတော် သတင်းပြန်ကြားရေးအတွင်းရေးမှူး ကာရိုလိုင်းလီဗစ်က သမ္မတ ထရန့်သည် ချမ်းသာကြွယ်ဝမှုနှင့် ငြိမ်းချမ်းရေးသို့ လမ်းကြောင်းကို မြှင့်တင်ရန် ဆီးရီးယားနိုင်ငံအပေါ် ပိတ်ဆို့မှုများကို ဖျက်သိမ်းသည့်အမိန့်အား လက်မှတ်ထိုးလိမ့်မည်ဟု ပြောခဲ့သေးသည်။ လီဗစ်က သမ္မတထရန့်အနေဖြင့် ၎င်းကတိပေးထားခဲ့သည့်အတိုင်းဆောင်ရွက်ခြင်းဟုလည်း ပြောခဲ့သည်။
ထရန့်က ဆီးရီးယားနိုင်ငံအား ကြာရှည်လှပြီဖြစ်သော ပြည်တွင်းစစ်မှ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ပိတ်ဆို့မှုများကို ဖျက်သိမ်းပေးမည်ဟု မေလအတွင်းက ပြောကြားခဲ့သည်။
သို့ရာတွင် ပိတ်ဆို့မှုများကို ဆီးရီးယား၏ပြုတ်ကျသွားခဲ့သော သမ္မတ ဘရှာအယ်လ်အာဆတ်နှင့် ၎င်း၏အတွင်းစည်း၊ လူ့အခွင့်အရေးချိုးဖောက်သူများ၊ မူးယစ်ဆေးဝါးကုန်သွယ်ရောင်းဝယ်သူများ၊ ဓာတုဗေဒလက်နက်လှုပ်ရှားမှုများနှင့် ဆက်စပ်သူများနှင့် ISIS နှင့်အဖွဲ့အစည်းခွဲများ အီရန်သြဇာခံအဖွဲ့များနှင့်ဆက်စပ်သူများကို ဆက်လက်ပိတ်ဆို့ထားမည်ဟု လီဗစ်က ပြောခဲ့သည်။
မေလအတွင်းက ဆော်ဒီအာရေဗျတွင် အစည်းအဝေးတစ်ရပ်၌ ဆီးရီးယား ကြားဖြတ်ခေါင်းဆောင် အာမက်အယ်လ်ရှာရာနှင့်တွေ့ဆုံစဉ်ကပင် ထရန့်က ပိတ်ဆို့မှုများ ဖျက်သိမ်းပေးပြီး သံတမန်ဆက်ဆံရေးများ ပြန်လည်ထူထောင်ရန်စဉ်းစားမည်ဟု ပြောခဲ့သည်။ ပိတ်ဆို့မှုဖျက်သိမ်းခြင်းက ဆီးရီးယား ဗဟိုဘဏ်အပါအဝင် အဓိကနိုင်ငံတော်အဖွဲ့အစည်းများအပေါ် ပိတ်ဆို့မှုများအား ဖျက်သိမ်းရန် အကျုံးဝင်စေမည်ဖြစ်သည်။
ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး အာဆတ်အယ်လ်-ရှီဘာနီကလည်း ထရန့်၏ဆောင်ရွက်မှုက ဆီးရီးယားအဖို့ ကြာရှည်စွာစောင့်ဆိုင်းခဲ့ရသော ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် တံခါးဖွင့်ပေးခြင်းဟုပြောခဲ့သည်။
အမေရိကန်အစိုးရက ဆီးရီးယားအပေါ် ပိတ်ဆို့မှူများရုပ်သိမ်းပေးလိုက်ပြီဖြစ်သော်လည်း ဆီးရီးယားကို အကြမ်းဖက်ဝါဒအတွက် အထောက်အပံ့ပေးသည့်နိုင်ငံအဖြစ် အသိအမှတ်ပြုထားမှုက ဆက်လက်ရှိနေဆဲဖြစ်သည်။ ထိုသို့ သတ်မှတ်မှုကိုမူ ချက်ချင်းရုပ်သိမ်းပေးဖွယ်မရှိကြောင်းလည်းသိရရာ ၎င်းက ရင်းနှီးမြှုပ်နှံမှုများပြုရန် အဓိကအတားအဆီးဖြစ်နေမည်ဖြစ်သည်။
သမ္မတ ဘရှာအယ်လ်အာဆတ်က ၂၀၂၄ ခုနှစ်အတွင်းက ပြုတ်ကျပြီးနောက်တွင်လည်း အစ္စရေးက ဆီးရီးယားနိုင်ငံအတွင်း အဓိကပစ်မှတ်များကို ဆက်လက်တိုက်ခိုက်နေခဲ့သည်။ ဇွန်လ ၃၀ ရက်တွင်မူ အစ္စရေးက လက်ဘနွန်နှင့်ဆီးရီးယားနိုင်ငံတို့နှင့် ပုံမှန်ဆက်ဆံရေးပြန်လည်ထူထောင်ရန် စိတ်ဝင်စားကြောင်း ပြောကြားခဲ့သည်။
Ref, Hindustan Times
