
၂၂. ၆. ၂၀၂၅
Written by Nay Moe
ရှမ်းပြည်နယ်အတွင်းမှာ နယ်မြေလုတိုက်ပွဲတွေ ဆင်နွှဲခဲ့ချိန် တိုက်ပွဲအတွင်း ခြေလက်ပြတ်ကုန်သည့် ကိုးကန့်တရုတ် MNDAA စစ်သားများကို ဖုန်ကျားရှင်းဖောင်ဒေးရှင်းက ဒုတိယအသုတ် ခြေတုလက်တုလှူဒါန်းထားသည်ဟု MNDAA ၏ မီဒီယာ The Kokang က ထုတ်ပြန်ဖော်ပြသည်။
ဖုန်ကျားရှင်းဖောင်ဒေးရှင်းမှ (Peng Jiasheng Foundation) မှ မဟာမိတ်တပ်တော် (MNDAA) အား လှူဒါန်းသည့် ဒုတိယအသုတ် ခြေတုလက်တုအကူအညီ စီမံကိန်းသည် ယခုနှစ် ဖေဖော်ဝါရီလလယ်မှ စတင်ခဲ့ပြီးနောက် လက်ရှိတွင် ဇွန်လ (၁၅)ရက်က ပထမဆုံးအသုတ် ခြေတုလက်တုတပ်ဆင်ပေးခြင်း ခံယူခဲ့ကြသည်။
ယခုအကြိမ် ခြေတုလက်တု တပ်ဆင်ထားသူများ၏ ပြန်လည်သန်စွမ်းရေး လေ့ကျင့်မှု အစီအစဉ်သည် (၁၀) ရက် သတ်မှတ်ထားပြီး လက်ရှိတွင် အစောပိုင်း ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်း အခြေခံအဆင့်ကို ပြီးဆုံးခဲ့ပြီ ဖြစ်သည်ဟု ယခင်က တိုက်ပွဲများတွင် MNDAA စစ်သားများ သေဆုံးဒဏ်ရာရမှုမထုတ်ပြန်ခဲ့သည့် MNDAA က ပြောသည်။
