
MT News
၁၈. ၆. ၂၀၂၅
တရုတ်ရည်းစားအဖြစ် အငှားလုပ်ရန် အမျိုးသမီးများအလိုရှိသည်ဟု ကြော်ငြာခေါ်ယူပြီး တရုတ် မယားလုပ်ခိုင်းသူနှင့် အရက်မူးနေသူကို ဓူဝံငါးဖမ်းလုပ်ငန်းပို့ပြီး လုပ်အားခခေါင်းပုံဖြတ်သူကို လူကုန်ကူးမှုနှင့် ထောင်ချခဲ့သည်ဟု သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နေ မ—/ ၂၄/၂၀၂၅ ခုနှစ်နေသူသည် ၈-၂-၂၀၂၅ ရက်နေ့တွင် money@dawwai998 Tik Tok အကောင့်၌ တရုတ်အငှားရည်းစား ၅ ယောက်ခေါ်ယူမည်၊ ၃/၄ လခန့်လုပ်ကိုင်ရမည်ဟု ကြော်ငြာထားသည်ကို တွေ့ရှိသဖြင့် ဆက်သွယ်ခဲ့ရာ အကောင့်ပိုင်ရှင် နေခြည်စိုး(ကျား)၊ ဆိတ်ချိုရွာ၊ ပျော်ဘွယ်မြို့နယ်၊ မန္တလေး တိုင်းဒေသကြီးနှင့် သန်းမိုးဇင်(မ)၊ မူဆယ်မြို့နေ၊ ရှမ်းပြည်နယ်နေသူတို့က ၎င်းအား တရုတ်ယောကျ်ားယူပါက တစ်လလျှင် ငွေကျပ်သိန်း ၅၀ ရမည်၊ ၃ လ လုပ်ကိုင်ပြီးပါက ပြန်လည်ခေါ်ဆောင်ပေးမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်ဆောင် ရွက်ခဲ့သဖြင့် မဟာအောင်မြေမြို့နယ်၊ အမှတ်(၉)မြို့မရဲစခန်းက (ပ)၃၈/ ၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ပို့ခဲ့သည်။
အဆိုပါအမှုအား မဟာအောင်မြေခရိုင်တရားရုံးမှ ဇွန်လ ၁၂ ရက်တွင် တရားခံ နေခြည်စိုး(ကျား)ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန်နှင့် တိမ်းရှောင်တရားခံ သန်းမိုးဇင်(မ)အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရှိရသည်။
ထို့အတူ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်နေ ဦး—/၅၁/၂၀၂၅ ခုနှစ် နေသူသည် ဖျာပုံမြို့ အမှတ်(၁)ရပ်ကွက်ရှိ ဖျာပုံတံတားအောက်တွင် အရက်သေစာသောက်စားပြီး အိပ်ပျော်နေစဉ် မောင်ထွန်း၊ ရွာလယ်ပိုင်းလမ်း၊ ကျုံကူကျေးရွာ၊ ဖျာပုံမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူက အိပ်ရန်နေရာမရှိပါက ၎င်း၏ နေအိမ်သို့လိုက်ခဲ့ရန် ခေါ်ဆောင်သဖြင့် လိုက်ပါသွားခဲ့သည်။
ထို့နောက် နေအိမ်အရောက်တွင် ၎င်းအား မောင်ထွန်းက ငါးဖမ်းစက်လှေတွင် လိုက်ပါ လုပ်ကိုင်ရန် စည်းရုံးရာ မလုပ်ကိုင်လိုကြောင်း ငြင်းဆန်ခဲ့သော်လည်း ဖျာပုံမြို့နယ်၊ မှော်ဘီ ကျေးရွာရှိ “ဓူဝံ” ငါးဖမ်း အလုပ်ရုံသို့ပို့ဆောင်ကာ ကြိုတင်ငွေကျပ် ၂ သိန်းထုတ်ယူသွားခဲ့ကြောင်း၊ အဆိုပါနေရာ၌ လုပ်အားခအနေဖြင့် တစ်လလျှင် ငွေကျပ် ၂၂၀၀၀၀ နှုန်းဖြင့် ၉ လခန့်လုပ်ကိုင် ခဲ့ရာ မောင်ထွန်းမှ ငွေကျပ် ၁၁၅၀၀၀၀ ကို ထပ်မံထုတ်ယူသွားခဲ့သဖြင့် ၎င်းအား ငွေကျပ် ၁၃၆၅၀၀ သာ ထုတ်ပေးခဲ့သဖြင့် ၎င်း၏ လုပ်အားခများအား ခေါင်းပုံဖြတ်ရယူသွားခဲ့သည့် မောင်ထွန်းအား ဖျာပုံမြို့မရဲစခန်းသို့ တိုင်ကြားရာ ရဲစခန်းက (ပ)၅၉/၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၆ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ပို့ခဲ့သည်။
ထို့နောက် ဖျာပုံခရိုင်တရားရုံးမှ ဇွန်လ ၁၂ ရက်တွင် တရားခံမောင်ထွန်းအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၆ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၈ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်ဟု သိရသည်။
