
၁၆. ၆ .၂၀၂၅
Written by Hey Mar
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ရဲ့ စက်သုံးဆီဆိုင်တစ်ဆိုင်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က ၁၂ ဘီးကားတစ်စီးက ဆီဆိုင်ထဲမောင်းနှင်ဝင်ရောက်ရင်း သတိလက်လွတ် မတော်တဆမှုဖြစ်ပွားကာ ဆီပန့်မှာ ဆီထည့်နေတဲ့ဆိုင်ကယ်နဲ့ ဆီထည့်နေသူတွေကို ဝင်တိုက်မိတာကြောင့် သက်ကြီးပိုင်းအရွယ် ကျောင်းအုပ်ဆရာမကြီးတစ်ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ မာဃလုလင် လူမှုကူညီရေးနဲ့ ဇလွန်သွေးလှူရှင်အသင်းတာဝန်ရှိသူထံကနေ သိရပါတယ်။
ဖြစ်စဥ်မှာ ၁၂ ဘီးကားက ဝင်တိုက်လို့ ဒဏ်ရာရရှိသူက အ မ က(ပကွဲ)က အသက် ၅၉ နှစ်အရွယ် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဌေးလို့ သိရှိရပြီး သူ့ကျောင်းမှ ကျောင်းဆရာတစ်ဦးက ဆရာမကြီးနေထိုင်ရာ သရက်ချောင်းအုပ်စုရှိ လေးအိမ်တန်းရွာကို ကျောင်းဆင်းချိန် ညနေ သုံးနာရီခွဲဝန်းကျင်က ပြန်လည် လိုက်ပို့ရင်း ဆိုင်ကယ် ဆီဝင်ထည့်စဉ် အခုလို ဖြစ်ရပ် ကြုံတွေ့ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
“လိုင်းပေါ်မှာ ဖိုးဒီလုံး ဆီဆိုင်ရဲ့ CCTV ကတော့ ဒီနေ့ ဇွန်လ ၁၆ ရက်မှ ပြန့်လာတာ။ ဖြစ်တာက ၁၃ ရက်နေ့ကတည်းကပါ။ ဖြစ်ဖြစ်ချင်း မဆုံးပါဘူးခင်ဗျ။ ကျွန်တော်တို့ မိတ်ဘက် အသင်းတွေက ဟင်္သာတ ဆေးရုံကို ပို့တယ်။ အဲဒီကမှ ရန်ကုန်ထပ်လွှဲလို့ ၁၄ ရက်က သွားတယ်။ မနေ့က ၁၅ ရက် မနက်မှာ ဆုံးလို့ သွားပြန်ခေါ်လာကြတာပါ။ မနေ့က ညနေလောက်က ဇလွန်ပြန်ရောက်တယ် ကြားတယ်။ မနက်ဖြန် အသုဘ ကျွန်တော်တို့တွေ လိုက်ပို့မှာပါ” လို့ မာဃလုလင် လူမှုကူညီရေးနဲ့ ဇလွန်သွေးလှူရှင်အသင်းတာဝန်ရှိသူက MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ဆရာမကြီးတို့က ဇနီးမောင်နှံ နှစ်ဦးတည်း လက်ရှိ နေထိုင်သလို ခင်ပွန်းဖြစ်သူကလည်း မျက်စိတိမ်စွဲပြီ ကောင်းစွာမမြင်ရတဲ့ သက်ကြီးပိုင်းအရွယ် တစ်ဦးဖြစ်တယ်လို့ အဆိုပါ လူမှုကူညီရေးအသင်းက ဆိုပါတယ်။ ဆရာမကြီး ဒေါ်သန်းသန်းဌေးရဲ့ ရုပ်အလောင်းကိုတော့ မနက်ဖြန် ဇွန်လ ၁၇ ရက်နေ့ နေ့လယ် ၁၂ နာရီမှာ သင်္ဂြိုဟ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
