◾️ယခုနှစ်မိုးရာသီတွင် အမြင့် ၂ ပေအထက် ပျိုးပင်သန်း ၂၀ ကျော်ကို နိုင်ငံအဝန်း စိုက်ပျိုးသွားမည်

၁၅. ၆. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းအထိ သစ်တောများ ဖုံးလွှမ်းအောင် ရည်မှန်းချက်ထားပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၅၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် မှာကြားခဲ့သည်။
မိမိတို့မြန်မာနိုင်ငံသည် ရေ၊ မြေ၊ တောတောင်၊ သဘာဝသယံဇာတများနှင့် ဇီဝ မျိုးစုံ၊ မျိုးကွဲများ ကြွယ်ဝသည့်နိုင်ငံဖြစ်ကြောင်း၊ ထို့အပြင် အာဆီယံနှင့်ဒေသတွင်း နိုင်ငံများအနက် သစ်တောဖုံးလွှမ်းမှုကောင်းမွန်ပြီး သစ်တောဖုံးလွှမ်းမှုဧရိယာ ဒုတိယ အများဆုံးပိုင်ဆိုင်သည့် နိုင်ငံလည်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံ၏သစ်တော ဖုံးလွှမ်းမှုသည် ၂၀၁၅ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်တွင် ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းနှင့် ၂၀၂၅ ခုနှစ် ပဏာမအစီရင်ခံစာအရ ၄၂ ဒသမ ၁၅ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရသည့်အတွက် သစ်တောပြုန်းတီးမှု အနည်းငယ်ရှိနေကြောင်း၊ သိုသော်လည်း မိမိတို့တာဝန်ယူပြီးနောက်ပိုင်း သစ်ပင်စိုက်ပျိုးမှု၊ သစ်တောများ ပြုပြင်ထိန်းသိမ်းမှုကို အလေးထား ကြပ်မတ်ဆောင်ရွက်ခဲ့သည့်အတွက် နှစ်ကာလအလိုက် သစ်တောပြုန်းတီးမှု သိသိသာသာ လျော့နည်းကျဆင်းခဲ့သည်ကို တွေ့ရှိရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
“ရာသီဥတုမျှတပြီး သစ်တောဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုများ ပိုမိုရရှိစေရေးအတွက် နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းအထိ သစ်တောများ ဖုံးလွှမ်းအောင်” ရည်မှန်းချက်ထားပြီး သက်ဆိုင်ရာဌာနများ၊ ဒေသဆိုင်ရာများနှင့် အဖွဲအစည်းများအားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားကြရန် SAC ဥက္ကဋ္ဌက မှာကြားသည်။




နိုင်ငံတော်အနေဖြင့် ၂၀၂၁ ခုနှစ် မိုးရာသီမှ ၂၀၂၄ ခုနှစ် မိုးရာသီအထိ နိုင်ငံအဝန်းတွင် ပျိုးပင်စုစုပေါင်း ၉၀ ဒသမ ၅၅ သန်းကျော် ဖြန့်ဝေစိုက်ပျိုးပေးနိုင်ခဲ့ကြောင်း၊ နေပြည်တော်တွင် မိမိကိုယ်တိုင်ဦးဆောင်မှုနှင့် သစ်ပင်စိုက်ပျိုးပွဲ (၉)ကြိမ် ပြုလုပ်ခဲ့ပြီး အပင်ပေါင်း ၃,၂၀၉,၇၀၃ ပင် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ရှင်သန်ဖြစ်ထွန်းမှု အပင်ပေါင်း ၃,၀၃၂,၉၈၂ ပင် (၉၄ ရာခိုင်နှုန်း)ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
စိုက်ပျိုးလိုက်သည့်သစ်ပင်များ ရာနှုန်းပြည့်အောင်မြင်ရှင်သန်ရေးအတွက် ပြုစုထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်းနှင့် ယခုနှစ် မိုးရာသီ၌လည်း အမြင့် ၂ ပေ အထက် ပျိုးပင် ၂၀ ဒသမ ၅၉ သန်းကို နိုင်ငံအဝန်း ဖြန့်ဝေပေးထားပြီး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
