ဒေါ်အောင်ဆန်းစုကြည်ကိုလာဘ်ပေးခဲ့ကြောင်း အစိုးရသက်သေလုပ်မှုဖြင့် အရေးယူခံရမှုမှကင်းလွတ်နေသည့် ရန်ကုန်ဝန်ကြီးချုပ်ဟောင်းဦးဖြိုးမင်းသိန်းနှင့် မြေဧကများစွာ အဖိုးနှုန်းချိုသာစွာရယူတည်ဆောက်ခဲ့သည့် YP ဆီဆိုင်၏ မြင်ကွင်း

၂၉. ၁. ၂၀၂၃
Written by Phyo Wei

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းဦးဖြိုးမင်းသိန်းလက်ထက် တစ်ပေ ကျပ် ၂၀၀၀ နှင့် ကျပ် ၄၈၀၀ ဖြင့် ချပေးခဲ့သည့် YP စက်သုံးဆီဆိုင်၏ မြေကွက် ၆ ကွက်၊ ဧကပေါင်း ၇၅ ဧကကို ဂရန်ပြန်လည်ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

Yangon Petrol Co.,Ltd အနေဖြင့် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချရန်အတွက် မရမ်းကုန်းမြို့နယ် နှင့် သင်္ဃန်းကျွန်းမြို့နယ်များ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နှင့် ဒလမြို့နယ်များရှိ မြေနေရာများအား ဌာနမှ နှစ်(၆၀)မြေငှား စာချုပ်(ဂရန်)များထုတ်ပေးထားမှုနှင့် ပတ်သက်၍ Yangon Petrol Co. ,Ltd အမည်ပေါက်ရယူထားသည့် မရမ်းကုန်းမြို့နယ်၊မြေတိုင်းရပ်ကွက်အမှတ် (၁၂+၁၇+၁၈)၊ မြေကွက်အမှတ်(၁၃/က)၊ ဂရန်စာအုပ် အမှတ် – A 0035310 A ၊ ဧရိယာ ၃ ဒသမ ၇၁၄ ဧကကို ဂရန်ပြန်လည်ပယ်ဖျက်ခဲ့သည်။

ထို့ပြင် သင်္ဃန်းကျွန်းမြို့နယ်မြေတိုင်းရပ်ကွက် အမှတ် (၂၃/ သုဝဏ္ဏ)၊ မြေကွက်အမှတ်(၂/အေ)၊ ဂရန် စာအုပ်အမှတ် – A 0035148 A ၊ ဧရိယာ ၀ ဒသမ ၆၉၉ ဧကရှိသော YP စက်သုံးဆီဆိုင်အမည်ပေါက်ဂရန်ကိုလည်း ပြန်လည်ပယ်ဖျက်ခဲ့သည်။

အလားတူ နိုင်ငံပိုင်မြေများကို ကျပ် ၂၀၀၀ မှ ကျပ် ၄၈၀၀ အကြားဖြင့် YP အမည်ပေါက်ရယူထားသည့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်(၁/တိုးချဲ့)၊ မြေကွက် အမှတ် (၆၁၃)၊ ဂရန်စာအုပ်အမှတ်- A 0038147 A၊ ဧရိယာ ၄ ဒသမ ၉၄၁ ဧက၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်(၁၇)၊ မြေကွက် အမှတ်(၁/က)၊ ဂရန်စာအုပ်အမှတ်- A 0039600 A ၊ ဧရိယာ ၀ ဒသမ ၇၅၂ ဧက၊ ဒလမြို့နယ်၊ မြေတိုင်းရပ်ကွက်(၃)၊ မြေကွက်အမှတ် (၁၄၂၄)၊ ဂရန် စာအုပ်အမှတ်- A 0041013 A၊ ဧရိယာ ၁ ဒသမ ၄၁၅ ဧကကိုလည်း ဂရန်ပြန်လည်ပယ်ဖျက်ခဲ့သည်။

ထို့အပြင် YP ဆီဆိုင်ကပင် Gold Star ကုမ္ပဏီအမည်ဖြင့် နိုင်ငံပိုင်မြေများကို ကျပ် ၂၀၀၀ မှ ကျပ် ၄၈၀၀ အကြားဖြင့် ရယူထားသည့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက် (၆၂)၊ မြေကွက် အမှတ်(၁)၊ ဂရန်စာအုပ်အမှတ်- A 0037058 A၊ ဧရိယာ ၆၃ ဒသမ ၈၉၅) ဧကကိုလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြမြေစီမံခန့်ခွဲမှုဌာန၏ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)က ဂရန်ပြန်လည်ပယ်ဖျက်ခဲ့သည်ဟု ယနေ့တွင် အသိပေးကြေညာထားသည်။

ဝန်ကြီးချုပ်ဟောင်းအဖြစ် ငါးနှစ်တာဝန်ယူသည့်ကာလအတွင်း ဦးဖြိုးမင်းသိန်းအနေဖြင့် YP စက်သုံးဆီဆိုင်များအတွက် နိုင်ငံပိုင်မြေများစွာကို အလွန်ပင်နည်းပါးသောစျေးနှုန်းများဖြင့်ချထားပေးမှုအပါအဝင် အဂတိလိုက်စားမှုများစွာဖြင့် ဝေဖန်ခံထားရသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာခြောက်သိန်းနှင့် ရွှေခုနစ်ပိဿာလာဘ်ပေးခဲ့သော်လည်း အစိုးရသက်သေအဖြစ်ရှိနေသောကြောင့် လက်ရှိအချိန်အထိ အရေးယူခံရမှုမှ ကင်းလွတ်နေသူဖြစ်သည်။

သို့သော် ဦးဖြိုးမင်းသိန်း၏ YP စက်သုံးဆီဆိုင်များ မြေနေရာချထားမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဝန်ကြီးဟောင်း ဦးဟံထွန်းနှင့် မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးစိုးလွင်၊ စည်ပင်ကော်မတီအတွင်းရေးမှူးဟောင်း ဒေါ်လှိုင်မော်ဦး၊ ကော်မတီတွဲဖက်အတွင်းရေးမှူးဟောင်း ဦးသန်းနှင့် ကုမ္ပဏီဒါရိုက်တာ ဦးဇင်မင်းအောင်တို့အား နိုင်ငံပိုင်​မြေများကို ပေါက်စျေးထက်များစွာလျှော့ချပြီး Yangon Petrol အမည်ပေါက်ပိုင်ဆိုင်အောင်လုပ်ဆောင်ရာတွင် နိုင်ငံ့ဘဏ္ဍာသန်းထောင်ချီနစ်နာမှုဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ၂၀၂၂ ခုနှစ်အတွင်း ဖမ်းဆီးအမှုဖွင့်ခဲ့သည်။

YP ဆီဆိုင်အနေဖြင့် အဆိုပါ စက်သုံးဆီဆိုင်များအတွက် ကျပ် ၂၀၀၀ ဖြင့်ဝယ်ယူရန် မြေကွက် ၂၆ ကွက်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းဦးဖြိုးမင်းသိန်းထံ လျှောက်ထားခဲ့ခြင်းဖြစ်သလို နိုင်ငံပိုင်မြေ ဧကရာဂဏန်းခန့်ကိုလည်း အလွန်နည်းပါး​သောစျေးနှုန်းဖြင့် ပြိုင်ဘက်မရှိ တိုးတိုးတိတ်တိတ်ဝယ်ယူခွင့်ရရှိခဲ့ပြီး လေးနှစ်ခန့်အကြာ ယနေ့တွင်မှ အဆိုပါ ဂရန်များကို ပြန်လည်ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *