◾️ ပြည်သူလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းနှင့်ပြည်နယ်လွှတ်တော်များအတွက် FPTP နှင့် PR စနစ် နှစ်မျိုးလုံးဖြင့် မဲပေးရမည်
◾️ ရွေးကောက်ပွဲကို နယ်မြေအခြေအနေအရ ကန့်သတ်ချက်ရှိသည့် နယ်မြေများမှလွဲ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် ကျင်းပမည်ဖြစ်ပြီး မဲပေးရမည့် MEVM စနစ်မှာလည်း အလွန်ရိုးရှင်းပြီး စိတ်ချရမှုရှိကြောင်း UEC ဖြေကြား

၇. ၆. ၂၀၂၅
Written by Nyein Kyaw
ယခု ၂၀၂၅ နှစ်ကုန်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား မဲအများဆုံးရသူအနိုင်စနစ် (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) နှစ်မျိုးလုံးကို အသုံးပြုဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိစာရင်းများအရ မြို့နယ်ပေါင်း ၂၆၇ မြို့နယ်တွင် ကျင်းပရန်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့တွင် ဖြေကြားထားသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့်ရွေးကောက်ပွဲက PR စနစ်နှင့်လား၊ FPTP စနစ်နှင့်လား သို့မဟုတ် PR နှင့် FPTP ရောစပ်ကျင်းပမည်လားဟု မီဒီယာများ၏ မေးမြန်းမှုအပေါ် UEC က “ကျင်းပမည့်ရွေးကောက်ပွဲတွင် ယခင်ကျင့်သုံးခဲ့သည့် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် ( PR ) နှစ်မျိုးလုံး အသုံးပြုဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ မြို့နယ်အနက် မြို့နယ်ပေါင်းမည်မျှတွင် ရွေးကောက်ပွဲ ကျင်းပရန်ရှိနေလဲနှင့် ပတ်သတ်ပြီး UEC က “ရွေးကောက်ပွဲကျင်းပမည့်ရက် ထုတ်ပြန်ကြေညာပြီးသည့်အချိန်တွင် ဖြစ်ပေါ်လျက်ရှိသည့် နယ်မြေဒေသလုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲကျင်းပနိုင်သည့် မြို့နယ်များတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး မကျင်းပနိုင်သည့်နယ်မြေများကိုလည်း ထုတ်ပြန် ကြေညာပေးမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ရှိ စာရင်းဇယားများအရ မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ကျင်းပဖို့ရှိပါတယ်” ဟု ပြန်လည်ဖြေကြားထားသည်။
ထို့ပြင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များအတွက် မဲပေးရမည့်စနစ်သည် FPTP နှင့် PR စနစ် နှစ်မျိုးလုံးကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းထုတ်ပြန်ပြီးပါက အသေးစိတ် သိရှိရမည်ဖြစ်ကြောင်း UEC က ဖြေကြားထားသည်။
ရွေးကောက်ပွဲ မဲပေးရမည့်စနစ်သည် မြန်မာအီလက်ထရောနစ် မဲပေးစက် ( Myanmar Electronic Voting Machine (MEVM) )နှင့် မဲပေးရမှုတွင် မဲအရေအတွက် မှားခြင်းနှင့် ရလဒ်ပြင်ဆင်မည်ဆိုသည့်အပေါ် စိုးရိမ်ရန်မလိုအကြောင်း၊ MEVM စက်များနှင့် စမ်းသပ်မဲပေးခြင်းများကို နေပြည်တော်၌ရှိသည့် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တက္ကသိုလ်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ပြည်နယ် ၉ ခုတို့၌ ဆောင်ရွက်ခဲ့ပြီး နိုင်ငံရေးပါတီများကိုလည်း စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ပြီးဖြစ်ကြောင်း UEC က ဖြေကြားထားသည်။
ထို့ပြင် မဲပေးသူကိုယ်တိုင် စိစစ်နိုင်အောင် ဆောင်ရွက်ထားကြောင်းနှင့် စမ်းသပ်မဲပေးမှုများအရ ရလဒ်မှားယွင်းမှုမရှိသည်ကို တွေ့ရှိရကြောင်း၊ မဲပေးစက်တွင် Internet, Wifi, Bluetooth စနစ်များ မပါဝင်ကြောင်း၊ ကွန်ပျူတာများကဲ့သို့ Window စနစ် (OS) များ မပါဝင်ကြောင်း၊ မိုက်ခရိုကွန်ထရိုလာစနစ်ဖြစ်သည့်အတွက် အလွန်ရိုးရှင်းပြီး လုံခြုံစိတ်ချရသောစနစ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ စံချိန်စံညွှန်း ဥပဒေ (၂၀၁၄) နှင့်အညီ မဲပေးစက်၏ အရည်အသွေးနှင့် စံချိန်စံညွှန်းကို အမျိုးသားအဆင့် ထောက်ခံ အသိအမှတ်ပြုလွှာရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း UEC က ဖြေကြားထားသည်။
ရွေးကောက်ပွဲအား နယ်မြေဒေသအခြေအနေအရ ကန့်သတ်ချက်ရှိသည့် နယ်မြေများမှလွဲ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် ဦးစားပေးအစီအစဉ်အတိုင်း အပိုင်းခွဲ၍ ကျင်းပရန် လျာထားပြီး အပိုင်းအလိုက် ရွေးကောက်ပွဲကျင်းပမည့်ရက်များကို သတ်မှတ်ပေးမည်ဖြစ်ကြောင်း ဖြေကြားထားသည်။
ရွေးကောက်ပွဲ မကျင်းပနိုင်သေးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်နှင့်အညီ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် သက်ဆိုင်ရာလွှတ်တော်အလိုက် မဲဆန္ဒနယ်များကို သတ်မှတ်ပေးမည်ဖြစ်ပြီး နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ပြည်သူများအနေဖြင့်လည်း မဲဆန္ဒနယ်အလိုက် သတ်မှတ်ထားသည့်မဲရုံများ၌ မဲပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်တွင် မြို့နယ် ၃ ခုအတွက်သာ လွှတ်တော်အမတ်ရှိပြီး အခြား ၁၄ မြို့နယ်အတွက် လွှတ်တော်အမတ် လစ်လပ်နေရာအဖြစ် ထားရှိမည်လား သို့မဟုတ် ကျင်းပနိုင်သည့် ၃ မြို့နယ်မှာပင် အခြား ၁၄ မြို့နယ်က ကိုယ်စားလှယ်များကို မဲရွေးချယ်ခွင့်ပြုမည်လားနှင့် ပတ်သက်ပြီး မေးမြန်းမှုအပေါ် UEC က “ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်နှင့်ကိုက်ညီမည့် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းထုတ်ပြန်နိုင်ရန် ဆောင်ရွက်လျက် ရှိပါတယ်။ ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များအလိုက် သတ်မှတ်လွှတ်တော် ကိုယ်စားလှယ်များကို ရွေးချယ်နိုင်မှာဖြစ်ပြီး ဥပဒေပြဋ္ဌာန်းပြီးပါက အသေးစိတ် သိရှိရမှာဖြစ်ပါတယ်” ဟု ဖြေကြားခဲ့သည်။