
၆. ၆. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ပတ္တရားရဲစခန်းအဆောက်အအုံရဲ့ ဒုတိယထပ်ကနေ ခုန်ချထွက်ပြေးသွားခဲ့တဲ့ ငွေကြေးလိမ်လည်မှုနဲ့ပတ်သက်ပြီး အလိုရှိခံနေရတဲ့ တရုတ်အမျိုးသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ပြန်လည် ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ပါတယ်။
◾ ပတ္တရားမြို့မရဲစခန်းကနေ ရုပ်ရှင်ဆန်ဆန်ထွက်ပြေးသည့် တရုတ်နိုင်ငံသားကို ဖမ်းမိပြီ
ချန်သာဘူရီပြည်နယ်ရဲတပ်ဖွဲ့ဝင်တွေဟာ ၂၀၂၅ ခုနှစ် ဇွန်လ ၅ ရက်ကူးစ နံနက် ၁ နာရီခွဲအချိန်ခန့်က ပတ္တရားမြို့မရဲစခန်းအဆောက်အအုံ ဒုတိယထပ်က ခုန်ချထွက်ပြေးခဲ့တဲ့ တရုတ်နိုင်ငံသား လီကျန်းကို ပြန်လည် ဖမ်းဆီးနိုင်ခဲ့တာပါ။
အသက် ၃၈ နှစ်အရွယ် တရုတ်နိုင်ငံသား လီကျန်းကို သူထွက်ပြေးတဲ့ ဇွန်လ ၅ ရက်နေ့ညနေမှာပဲ ချန်သာဘူရီပြည်နယ်မှာ ဒေသခံတွေက တွေ့ရှိလို့ ရဲတပ်ဖွဲ့ကို ချက်ချင်း အကြောင်းကြားခဲ့ပြီးနောက်မှာ ဖမ်းမိခဲ့တာဖြစ်ပြီး ချန်သာဘူရီပြည်နယ် ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက သူ့ကို မူလဖမ်းဆီးအမှုဖွင့်ရာ ပတ္တရားမြို့မရဲစခန်းဆီ ပြန်လည်ပို့ဆောင်ပေးခဲ့တာပါ။
◾ လိမ်လည်မှုဖြစ်စဉ်
ငွေကြေးလိမ်လည်မှုတရားခံ တရုတ်နိုင်ငံသား လီကျန်းကို ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၈ မိနစ်အချိန်က ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်မှာ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ဆီ လေယာဉ်နဲ့ ထွက်ခွာဖို့ ပြင်ဆင်နေချိန် လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ဖမ်းဆီးခဲ့တာပါ။ သူ့ကို လိမ်လည်မှုစွဲချက်နဲ့ ပတ္တာယားပြည်နယ်တရားရုံးက ထုတ်ဆင့်ထားတဲ့ ဖမ်းဝရမ်းကြောင့် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးမှုအရ လီကျန်းနဲ့ ထိခိုက်နစ်နာသူတို့ဟာ ယခင်က သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။ လီကျန်းက ရင်းနှီးမြှုပ်နှံဖို့အတွက် တရုတ်ယွမ်ကို USDT ဒစ်ဂျစ်တယ်ငွေကြေးနဲ့ လဲလှယ်ဖို့တောင်းဆိုခဲ့လို့ ထိခိုက်နစ်နာသူက ဘတ်ငွေ ၁ ဒသမ ၂၆ သန်းကျော် တန်ဖိုးရှိတဲ့ USDT တိုကင် ၃၈,၇၁၂ ဒသမ ၇၇ ကို တရုတ်ယွမ် ၁၇၈,၀၀၀ နဲ့ လဲလှယ်ဖို့ လွှဲပြောင်းပေးခဲ့တာပါ။ ဒါပေမဲ့ လီကျန်းက သဘောတူထားတဲ့အတိုင်း ငွေကြေး ယွမ် ၁၇၈,၀၀၀ ကို လွှဲပြောင်းမပေးခဲ့တာကြောင့် ထိခိုက်နစ်နာသူက ရဲကို တိုင်ချက်ဖွင့်ခဲ့တာပါ။
◾ ဒရာမာဆန်ဆန် ထွက်ပြေးမှု
လီကျန်းကို ဖမ်းဆီးပြီးတဲ့နောက်မှာ ဒွန်မောင်းလေဆိပ်က လူဝင်မှုကြီးကြပ်ရေးအရာရှိတွေဟာ ဇွန်လ ၅ ရက် နံနက် ၁ နာရီမတိုင်မီ လီကျန်းကို ဥပဒေလုပ်ထုံးလုပ်နည်းအရ လွှဲပြောင်းဖို့ ပတ္တယားမြို့မရဲစခန်းနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။ ပတ္တရားမြို့မရဲစခန်းမှာ စစ်ဆေးနေစဉ် လီကျန်းက စုံစမ်းစစ်ဆေးရေးအရာရှိ အာရုံပျံ့လွင့်နေချိန်ကို အခွင့်ကောင်းယူပြီး ချုပ်နှောင်ရေးဌာနရဲ့ ဒုတိယထပ်က လျှောတံခါးမှန်ပြတင်းပေါက်ကို ဖွင့်ပြီး ရဲစခန်းဘေးက ဆွိုင် – ၉ လမ်းထဲ ခုန်ချကာ ထွက်ပြေးခဲ့တာပါ။
လီကျန်းကို လိုက်လံဖမ်းဆီးဖို့ သူလို့ထပ်တူ ခုန်ချခဲ့တဲ့ ရဲအရာရှိဟာ အောက်ဘက်က သတ္တုကုလားထိုင်တွေနဲ့ ထိမိပြီး ဒဏ်ရာရရှိခဲ့တာကြောင့် လိုက်လံဖမ်းဆီးမှုကို ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိခဲ့တဲ့နောက် လီကျန်း လွတ်မြောက်သွားခဲ့တာပါ။
◾ လိုက်လံရှာဖွေမှု
လီကျန်းထွက်ပြေးပြီးနောက်မှာ ပတ္တရားမြို့မရဲစခန်းမှူး၊ ရဲမှူး အန်နတ် ဆာသွန်အယူက ပတ္တာရားဒေသတစ်လျှောက် စုံစမ်းစစ်ဆေးရေးတပ်စိတ်တွေနဲ့ ကင်းလှည့်အရာရှိတွေ ချက်ချင်းတပ်ဖြန့်ချထားဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါ့အပြင် ထွက်ပြေးသူကို ခြေရာခံဖို့အတွက် အာဏာပိုင်တွေက လမ်းကြောင်းအမျိုးမျိုးကို ပိတ်ဆို့ပြီး CCTV မှတ်တမ်းတွေကို ထောင့်ပေါင်းစုံက ပြန်လည်စစ်ဆေးခဲ့ပါတယ်။
ဒါ့အပြင် ချွန်ဘူရီပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ရဲဗိုလ်မှူးချုပ် သာဝတ်ချ်ကီယက် ဂျင်ဒါကွန်ဆနန်းက ပြည်သူလူထုကို အကူအညီတောင်းခံခဲ့ပြီး သံသယရှိသူကို တွေ့ရှိရင် ၂၄ နာရီပတ်လုံး ဆက်သွယ်နိုင်တဲ့ ၁၉၁ ထံ အကြောင်းကြားဖို့ တိုက်တွန်းခဲ့ပါတယ်။
◾ ပြန်လည်ဖမ်းဆီးမှု
လီကျန်းဟာ ပတ္တရားမြို့မရဲစခန်းကနေ ဇွန်လ ၄ ရက်ညသန်းခေါင်ကျော် ဇွန်လ ၅ ရက် နံနက် ၁ နာရီခွဲလောက်အချိန်မှာ ထွက်ပြေးခဲ့တာဖြစ်ပြီး အဲဒီ ဇွန်လ ၅ ရက် ညနေပိုင်းအချိန်မှာ ချန်သာဘူရီပြည်နယ် ရဲတပ်ဖွဲ့ဝင်တွေက လီကျန်းဟာ သူ့ ဟိုတယ်အခန်းက ထွက်ခွာပြီး ဟိုတယ်ရှေ့က မဟာရဂျ်လမ်းမပေါ် လမ်းလျှောက်နေတယ်လို့ ဒေသခံတွေက တွေ့ရှိကြောင်း သတင်းပို့ခဲ့ပြီးနောက် ချက်ချင်းဖမ်းဆီးနိုင်ခဲ့တာပါ။
လီကျန်းဟာ ပတ္တရားမြို့မ ရဲစခန်းအဆောက်အအုံက ခုန်ချထွက်ပြေးပြီးနောက်မှာ နယ်စပ်ဖြတ်ကျော် ထွက်ပြေးဖို့ စီစဉ်ထားပြီး ဘတ်ငွေ ၄,၀၀၀ နဲ့ တက္ကစီငှားကာ ချန်သာဘူရီဧရိယာပတ်လည်ဆီကို ထွက်ပြေးသွားခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ထွက်ပြေးဖို့ အကြံအစည် မအောင်မြင်မီ ပြန်လည် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိမှာတော့ သူ့ကို ငွေကြေးလိမ်လည်မှုအပြင် ရဲစခန်းကနေ ထွက်ပြေးတိမ်းရှောင်မှုတွေပါ ထပ်ဆင့်တိုးထားပြီး ပတ္တရားမြို့မရဲစခန်းက တင်းတင်းကျပ်ကျပ် စစ်ဆေးအရေးယူမှုတွေ ဆက်လက် လုပ်ဆောင်နေကြပါတယ်။
Ref, Khaosod