
၂၇. ၅. ၂၀၂၅
Translated by Thettant
ဗြိိတိန်ရဲတပ်ဖွဲ့သည် တနင်္လာနေ့ညနေပိုင်းက အင်္ဂလန်နိုင်ငံ၊ မာဆေးဆိုဒ်ဒေသ၊ လီဗာပူးမြို့အတွင်း လီဗာပူးဘောလုံးကလပ်၏ ပရီးမီးယားလိဂ်ဖလားအောင်ပွဲခံချီတက်ပွဲကျင်းပချိန် ကားတစ်စီးဖြင့် လီဗာပူးပရိသတ်များထဲသို့ ဝင်တိုက်ခဲ့သည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။
“ဖမ်းဆီးခံရတဲ့လူက လီဗာပူးဒေသက အသက် ၅၃ နှစ်အရွယ် ဗြိတိန်လူမျိုး လူဖြူအမျိုးသားတစ်ဦးပါ” ဟု မာဆေးဆိုဒ်ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး လူဒါဇင်ချီ ထိခိုက်ဒဏ်ရာရသည့် ဖြစ်ရပ်၏ အခြေအနေများကို ခန့်မှန်းပြောဆိုခြင်းမပြုကြရန် တိုက်တွန်းခဲ့သည်။

ဒေသခံရဲတပ်ဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၆ နာရီကျော်အချိန်တွင် မြို့လယ်ခေါင်ရှိ Water Street ၌ “ကားတစ်စီးက ခြေလျင်လျှောက်သူအများအပြားကို ဝင်တိုက်ခဲ့ကြောင်း သတင်းပေးပို့မှုများရရှိပြီးနောက် ဖြစ်စဥ်နေရာသို့သွားရောက်ကာ အခြေအနေကို ထိန်းသိမ်းခဲ့သလို “ကားက အခင်းဖြစ်ပွားရာနေရာမှာ ရပ်သွားပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးထားပါတယ်” ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါဖြစ်ရပ်သည် လီဗာပူးဘောလုံးကလပ်၏ ၂၀ ကြိမ်မြောက် ပရီးမီးယားလိဂ်လိဂ်ဖလားအောင်ပွဲကို လှည့်လည်အောင်ပွဲခံသည့် ဂုဏ်ပြုပွဲသို့ တက်ရောက်သော ဘောလုံးပရိသတ်များဖြင့် လီဗာပူးမြို့တော်တစ်ခုလုံး ပြည့်နှက်နေသည့်တနင်္လာနေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လူမှုမီဒီယာမှ ဗီဒီယိုများတွင် အဆိုပါယာဉ်သည် လမ်းပေါ်တွင် အောင်ပွဲခံနေသော ခြေလျင်လျှောက်သူများထဲသို့ ဝင်တိုက်နေသည်ကို တွေ့ရှိရသည်။

“ဒီမီးခိုးရောင်လူစီးကားက ညာဘက်ကနေ ရုတ်တရက်ထွက်လာပြီး ကျွန်တော်တို့ဘေးနားက လူတွေကို ဝင်တိုက်ပစ်လိုက်တာ။ အရမ်းမြန်တယ်။ အစပိုင်းမှာတော့ ကားရဲ့ဘော်နက်ပေါ်ကနေ လူတွေ လဲကျကုန်တဲ့ ‘ဘုတ်၊ ဘုတ်၊ ဘုတ်’ ဆိုတဲ့အသံကိုပဲ ကြားရတယ်” ဟု လီဗာပူးပရိသတ်တစ်ဦးဖြစ်သူ Harry Rashid က ယူကေ၏ PA Media သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။
ဇနီးနှင့် သမီးငယ်နှစ်ဦးနှင့်အတူ ဂုဏ်ပြုပွဲသို့ တက်ရောက်ခဲ့သော Rashid က လူအုပ်ကြီးသည် ကားဆီသို့ ပြေးသွားကာ ကားပြတင်းပေါက်များကို ရိုက်ခွဲကြကြောင်း ပြောပြခဲ့သည်။

“ဆိုးရွားတယ်။ လူတွေပေါ်က ဖြတ်သွားတဲ့ ခုန်ပေါက်သံတွေကို ကြားနေရတယ်… မြေပြင်ပေါ်မှာလဲကျနေတဲ့သူတွေ၊ သတိမေ့နေတဲ့သူတွေကို တွေ့ခဲ့ရတယ်။ ကြောက်စရာကောင်းတယ်။ အရမ်းကြောက်စရာကောင်းတယ်” ဟု ၎င်းက ပြောသည်။
တနင်္လာနေ့တွင် ကျင်းပခဲ့သော ချီတက်ပွဲ (ယူကေရှိ သီးခြားမေလ အစိုးရရုံးပိတ်ရက်နှင့် တိုက်ဆိုင်သည်) တွင် လီဗာပူးအသင်းမှ အောင်ပွဲခံ ကစားသမားများက မြို့လယ်ခေါင်တစ်ဝိုက်တွင် ဘတ်စ်ကားဖြင့် လှည့်လည် အောင်ပွဲခံခဲ့သည်။ ပျော်ရွှင်နေသော ပရိသတ် ထောင်ပေါင်းများစွာသည် ၁၀ မိုင် (၁၆ ကီလိုမီတာ) ရှည်လျားသော လမ်းကြောင်းတစ်လျှောက်တွင် အနီရောင်အလံများ ဝှေ့ယမ်းကာ အောင်ပွဲခံခဲ့သလို မီးရှုးမီးပန်းများ ဖောက်၍လည်း ပျော်ပွဲရွှင်ပွဲများတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။

“လီဗာပူးမှာ ဖြစ်ပျက်နေတဲ့ မြင်ကွင်းတွေက ကြောက်စရာကောင်းတယ်။ ဒဏ်ရာရရှိသူ ဒါမှမဟုတ် ထိခိုက်ခံစားရသူအားလုံးနဲ့အတူ ကျွန်တော့်ရဲ့အတွေးတွေ ရှိပါတယ်” ဟု ယူကေဝန်ကြီးချုပ် Keir Starmer က ပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့နှင့် အရေးပေါ်ဝန်ဆောင်မှုများကို “ဒီထိတ်လန့်စရာဖြစ်ရပ်အပေါ် သူတို့ရဲ့ လျင်မြန်ပြီး ဆက်လက်တုံ့ပြန်မှုအတွက်” ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
Reuters သတင်းအေဂျင်စီမှ မျှဝေထားသော ဗီဒီယိုဖိုင်များတွင် အရေးပေါ်ဝန်ဆောင်မှုများက လူများကို ပြုစုစောင့်ရှောက်နေပုံ၊ အချို့ကို ကုတင်များဖြင့် လူနာတင်ယာဉ်များဆီသို့ သယ်ဆောင်နေပုံကို ပြသထားသည်။ အခင်းဖြစ်ပွားရာနေရာမှ ဓာတ်ပုံများတွင်လည်း အာဏာပိုင်များက အမှိုက်များပြန့်ကျဲနေသော လမ်းများကို ကန့်သတ်ပိတ်ဆို့ထားပြီး ရဲအရာရှိများက ဧရိယာကို စုံစမ်းစစ်ဆေးနေသည်ကို ပြသထားသည်။
လီဗာပူးဘောလုံးကလပ်က ဖြစ်ရပ်နှင့်ပတ်သက်၍ မာဆေးဆိုဒ်ရဲတပ်ဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သလို “ဒီဆိုးရွားတဲ့ ဖြစ်ရပ်ကြောင့် ထိခိုက်ခံစားရသူတွေနဲ့အတူ ကျွန်တော်တို့ရဲ့ အတွေးတွေနဲ့ ဆုတောင်းမေတ္တာတွေ ရှိပါတယ်။ ဒီဖြစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းနေတဲ့ အရေးပေါ်ဝန်ဆောင်မှုတွေနဲ့ ဒေသခံအာဏာပိုင်တွေကို ကျွန်တော်တို့ အပြည့်အဝ ပံ့ပိုးပေးသွားမှာပါ” ဟု X တွင် ဖော်ပြခဲ့သည်။

လီဗာပူးအသင်း၏ ဒါဘီပြိုင်ဘက်ဖြစ်သော Everton ဘောလုံးကလပ်နှင့် ပရီးမီးယားလိဂ်တို့ကလည်း လူမှုမီဒီယာတွင် ဝမ်းနည်းကြောင်း သတင်းစကားများ ပေးပို့ခဲ့ကြသည်။
နောက်ပိုင်း လူမှုမီဒီယာပို့စ်တစ်ခုတွင် North West Ambulance Service (NWAS) က လီဗာပူးလ်မြို့လယ်ရှိ အခင်းဖြစ်ပွားရာနေရာကို “ရှင်းလင်းပြီးပြီ” ဟု ပြောကြားခဲ့ပြီး လူဒါဇင်ချီ ဒဏ်ရာရခဲ့သည့် ဖြစ်ရပ်အတွက် ထိခိုင်ဒဏ်ရာရသူဦးရေကို တနင်္လာနေ့နောက်ပိုင်းတွင် ကျင်းပမည့် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ပေးမည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ဗြိတိန်ရဲတပ်ဖွဲ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကားအောက်ရောက်နေသည့် လူ ၄ ဦးကို ကယ်ထုတ်ခဲ့ရပြီး လူ ၄၇ ဦး ဒဏ်ရာရသည့်အနက် လူ ၂၇ ဦး ဆေးရုံတင်ပို့ရကာ ဒဏ်ရာရသူများတွင် ကလေးငယ် ၄ ဦးပါဝင်ကြောင်း ကနဦးဖော်ပြနေသော်လည်း သေဆုံးမှု ရှိ မရှိ၊ ဖမ်းဆီးခံထားရသူ၏ အသေးစိတ် အချက်အလက်နှင့် စွဲဆိုထားသည့်ပုဒ်မများ၊ ဝင်တိုက်ရသည့်အကြောင်းအရင်း စသည့်အခြေအနေများ ဖော်ပြမှု မရှိသေးချေ။
Ref, CNN & Liverpool Echo & RT
