
၂၄. ၅. ၂၀၂၅
Translated by Thettant
ဂျပန်ရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံအခြေစိုက် တရုတ် အွန်လိုင်းလိမ်လည်မှုကျားဖြန့်ဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦးအဖြစ် ငွေကြေးလိမ်လည်သည့် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်သည်ဟု စွပ်စွဲကာ အသက် ၁၆ နှစ်အရွယ် အထက်တန်းကျောင်းသား လူငယ်တစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သတင်းရင်းမြစ်များက စနေနေ့တွင် ပြောကြားခဲ့သည်။
အိုင်ချီစီရင်စုရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သံသယရှိသူသည် နာဂိုယာစီရင်စု၊ မီဇူဟိုရပ်ကွက်မှ အထက်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး မိသားစု၏ အကူအညီတောင်းခံမှုအရ ထိုင်းအာဏာပိုင်များက ထိန်းသိမ်းပြီးနောက် ဂျပန်နိုင်ငံသို့ ပြန်ရောက်လာသူဖြစ်သည်။
အဆိုပါ ဆယ်ကျော်သက်သည် တနင်္လာနေ့တွင် ပြုလုပ်ရန် စီစဉ်ထားသော ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းမှုကို တုံ့ပြန်ခြင်းမရှိသလို ၎င်း၏တည်နေရာကို မသိရှိရသော အိုင်ချီရဲတပ်ဖွဲ့က ၎င်းကို တိုကျိုမြောက်ဘက် ဆိုက်တမာစီရင်စုတွင် သောကြာနေ့၌ ခြေရာခံမိပြီး ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းထွက်ပြေးနိုင်သည်ဟု စိုးရိမ်ရသည့်အတွက် မဖြစ်မနေ ဖမ်းဆီးကာ စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့သည်။
အဆိုပါ လူငယ်သည် ယခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့တွင် အသက် ၃၂ နှစ်အရွယ် ရှိုကီ အီရှိကာဝါ နှင့် အသက် ၂၂ နှစ်အရွယ် တိုမိုနာရီ ယာချီ တို့နှင့်အတူ အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ် သို့ စီးပွားရေးခရီးဖြင့် ရောက်ရှိနေသော မီအဲစီရင်စုမှ ဂျပန်အမျိုးသားတစ်ဦးကို ငွေကြေးလိမ်လည်ရန် ပူးပေါင်းကြံစည်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
သံသယရှိသူသုံးဦးသည် အိုင်ချီရဲတပ်ဖွဲ့မှဖြစ်သည်ဟု ဟန်ဆောင်ကာ ပစ်မှတ်ထားခံရသူထံမှ ယန်း ၉ ဒသမ ၉ သန်း(ဒေါ်လာ ၆၉၄၀၀ ခန့်) ကို လိမ်လည်ရယူခဲ့သည်ဟု ယူဆရသည်။ ၎င်းတို့သည် အဆိုပါအမျိုးသားထံ ဖုန်းခေါ်ဆို၍ ၎င်း၏ဘဏ်အကောင့်ကို ရာဇ၀တ်မှုများအတွက် အသုံးပြုနေကြောင်း ပြောကြားခဲ့ပြီး ငွေလွှဲပြောင်းရန် ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အဆိုပါဆယ်ကျော်သက်သည် ပရိုဂရမ်ရေးသားခြင်းစွမ်းရည်များ တိုးတက်စေရန် ကူညီပေးနိုင်သည့် အလုပ်တစ်ခုကို မိတ်ဆက်ပေးနိုင်သည်ဟု ပြောကြားခဲ့သော Telegram မှ အမျိုးသားတစ်ဦးက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအစောပိုင်းတွင် ခေါ်ယူခဲ့ပြီးနောက် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သည်။ ၎င်းသည် အီရှိကာဝါ အပါအဝင် အခြားဂျပန်လူမျိုး ရှစ်ဦးခန့်နှင့်အတူ တရုတ်ကျားဖြန့်ဂိုဏ်း၏ ညွှန်ကြားချက်အောက်တွင် လိမ်လည်သည့်ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခဲ့ကာ အောင်မြင်မှုများအတွက် ငွေကြေးဆုချီးမြှင့်ခံခဲ့ရသည်။ ထို့နောက် ဖေဖော်ဝါရီလလယ်တွင် ထိုင်းရဲတပ်ဖွဲ့၏ ထိန်းသိမ်းခံရပြီးနောက် ဂျပန်နိုင်ငံသို့ ပြန်ရောက်လာခဲ့သည်။ အဆိုပါ လိမ်လည်မှုများကို မြန်မာနိုင်ငံမှ ကျားဖြန့်ဂိုဏ်းတွင်ရှိစဉ်က လုပ်ဆောင်ခဲ့သည်ဟု ယူဆရသလို ကျောင်းသားနှင့်အတူ ဖမ်းဆီးခံရသည့် ရှိုကီ အီရှိကာဝါနှင့် တိုမိုနာရီ ယာချီ တို့ကိုလည်း နှစ်ကြိမ်စီ ဖမ်းဆီးစစ်ဆေးထားပြီးဖြစ်ကြောင်းနှင့် အဆိုပါ ကျောင်းသားက ဝန်ခံခြင်းရှိမရှိကိုမူ ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိသေးဘဲ စစ်ဆေးဆဲသာဖြစ်ကြောင်း သိရသည်။
The Japan Times & Mainchi
