◾️ နိုင်ငံ၏ဝင်ငွေတိုးတက်အောင် ကုန်ထုတ်လုပ်မှုကို တိုးမြှင့် ဆောင်ရွက်နိုင်မည်ဆိုပါက ငွေကြေးဈေးနှုန်းများ တက်လာမည်မဟုတ်သကဲ့သို့ ကုန်ဈေးနှုန်းများလည်းတိုးမြှင့်လာမည်မဟုတ်သဖြင့် အလုပ်ကိုအမှန်တကယ် လုပ်ကြရန်နှင့် နိုင်ငံ့စီးပွားရေးကိုမြှင့်တင်ရန် လိုအပ်

MT News
၂၀. ၅. ၂၀၂၅
စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက်မပြည့်မီခြင်းကြောင့် နိုင်ငံ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၈ ဘီလျံကျော်ခန့်လျော့နည်းခဲ့ရပြီး သီးထပ်စွမ်းအားများ ရာနှုန်းပြည့်ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက အမေရိကန် ဒေါ်လာ ၁၄ ဘီလျံခန့် ဝင်ငွေပိုမိုရရှိလာမည်ဖြစ်ကြောင်းနှင့် နိုင်ငံ၏ဝင်ငွေတိုးတက်အောင် ကုန်ထုတ်လုပ်မှုကို တိုးမြှင့် ဆောင်ရွက်နိုင်မည်ဆိုပါက ငွေကြေးဈေးနှုန်းများ တက်လာမည်မဟုတ်သကဲ့သို့ ကုန်ဈေးနှုန်းများလည်းတိုးမြှင့်လာမည်မဟုတ်သဖြင့် အလုပ်ကိုအမှန်တကယ် လုပ်ကြရန်နှင့် နိုင်ငံ့စီးပွားရေးကိုမြှင့်တင်ရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ (SAC) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
စီးပွားရေးနှင့်ပတ်သက်၍ နိုင်ငံတစ်ခုတိုးတက်ရန်အတွက် စီးပွားရေးအရအား ကောင်းရန် လိုအပ်မည်ဖြစ်ပြီး စီးပွားရေးအားကောင်းအောင်ဆောင်ရွက်ရန်အတွက် အစိုးရတစ်ရပ်အနေဖြင့် တာဝန်ရှိကြောင်း၊ နိုင်ငံ၏ GDP သည် အိမ်နီးချင်းနိုင်ငံများထက် လျော့နည်းလျက်ရှိသဖြင့် မိမိတို့အနေဖြင့် ယခုထက်ပိုမိုကြိုးပမ်း ဆောင်ရွက်သွားရဦးမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့်မူဝါဒကိုသာ ချမှတ်ပေးမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလုပ် လုပ်နိုင်အောင်ဖန်တီးပေးရန်နှင့် တိုက်တွန်း ပေးရန်မှာ အစိုးရတွင်တာဝန်ရှိပြီး မိမိတို့အနေဖြင့် ချေးငွေများထုတ်ပေးခြင်း၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့သော်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်လုပ်ငန်းများ ထိုက်သင့် သလောက်အောင်မြင်မှုမရှိခဲ့ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
ထို့အတူ စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်း ချက်ပြည့်မီမှုမရှိသေးသည်ကို တွေ့ရသလို ဆီထွက်သီးနှံနှင့် ပတ်သက်၍လည်း အထွက်နှုန်းအားနည်းနေဆဲဖြစ်ပြီး ပြည်ပမှတင်သွင်းနေရ ဆဲပင်ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက်မပြည့်မီခြင်းကြောင့် နိုင်ငံ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၈ ဘီလျံကျော်ခန့်လျော့နည်းခဲ့သည်ကို တွက်ချက်မှုများအရတွေ့ရှိရကြောင်း၊ သီးထပ်စွမ်းအားများ ရာနှုန်းပြည့် ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါကလည်း အမေရိကန် ဒေါ်လာ ၁၄ ဘီလျံခန့် ဝင်ငွေပိုမိုရရှိလာမည်ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အထက်ပါ အချက်များအပြင် မိမိတို့နိုင်ငံအနေဖြင့် ရေခံ မြေခံကောင်းများနှင့် လုပ်အားအရင်းအမြစ်များရှိပြီးဖြစ်သော်လည်း အမှန်တကယ် အလုပ်လုပ်ခြင်းမရှိသဖြင့် ဝင်ငွေနည်းရခြင်းဖြစ်ကြောင်း၊ ငွေကြေးဈေးနှုန်းများ မတည်မငြိမ်ဖြစ်ရခြင်းနှင့် ပတ်သက်၍လည်း အချက်တစ်ချက်အနေဖြင့် စဉ်းစားရန်လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ဝင်ငွေတိုးတက်အောင် ကုန်ထုတ်လုပ်မှုကို တိုးမြှင့် ဆောင်ရွက်နိုင်မည်ဆိုပါက ငွေကြေးဈေးနှုန်းများ တက်လာမည်မဟုတ်သကဲ့သို့ ကုန်ဈေးနှုန်းများလည်းတိုးမြှင့်လာမည်မဟုတ်သဖြင့် မိမိတို့အနေဖြင့် အလုပ်ကိုအမှန်တကယ် လုပ်ကြရန်နှင့် နိုင်ငံ့စီးပွားရေးကိုမြှင့်တင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းကြီး မြင့်ရခြင်းနှင့် ပတ်သက်၍အဖြေရှာရန်လိုပြီး ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားခြင်း၊ ဝယ်လိုအားနှင့်ရောင်းလိုအား မမျှတခြင်းတို့ကိုဖြေရှင်းနိုင်ရေးဆောင်ရွက်သွားရန် လိုကြောင်း၊ ထို့ကြောင့် ထုတ်လုပ်မှုတိုးမြှင့်အောင် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင် ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။