
၁၉. ၅. ၂၀၂၅
Translated by Thettant
ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းရှိ ရဲစခန်းအနီးတွင် ယမန်နေ့ တနင်္ဂနွေနေ့က ကားဗုံးပေါက်ကွဲမှုကြောင့် ရဲအရာရှိ သုံးဦး သေဆုံးပြီး အခြားလူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန SANA က ဖော်ပြခဲ့သည်။
ကားဗုံးပေါက်ကွဲမှုအပေါ် SANA ၏ ဖော်ပြမှုအရ ဆီးရီးယားနိုင်ငံအရှေ့ပိုင်းရှိ အကြီးဆုံးမြို့ ဒေရ်အက်ဇော၏ အရှေ့ဘက် အယ်လ်မာယာဒင်မြို့ ရဲစခန်းအနီးတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုတစ်ခုကြောင့် ရဲအရာရှိ သုံးဦး ကျဆုံးခဲ့ပြီး အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
အယ်လ်မာယာဒင်မြို့၏ ညွှန်ကြားရေးမှူးဖြစ်သူ ခါလီလ် အဗ္ဗဒူလ်မိုနိမ် အယ်လ် အယူဘ်က အစီရင်ခံစာတွင် “အတိအကျအဖြစ် ယနေ့ ည ၇ နာရီ ၁၃ မိနစ် (GMT ၁၆း၀၃)တွင် အယ်လ်မာယာဒင် ရဲစခန်းအနီးတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု ပြောကြားခဲ့သည်။
“ကနဦး စုံစမ်းစစ်ဆေးမှုများနှင့် နေရာကို စစ်ဆေးကြည့်ရာ ၎င်းသည် ကားဗုံးကြောင့် ဖြစ်ပွားခဲ့ကြောင်း သိရပြီး ယင်းကြောင့် အထွေထွေလုံခြုံရေးတပ်ဖွဲ့ဝင် သုံးဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ The Syrian Observatory for Human Rights ၏ အဆိုအရမူ ပေါက်ကွဲမှုတွင် ရဲအရာရှိ လေးဦးအပါအဝင် လူငါးဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ခဲ့ပြီး မိန်းကလေးငယ်တစ်ဦးအပါအဝင် အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်း ဖော်ပြခဲ့သည်။
ထိုနည်းတူ စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့၏ အဆိုအရ ပေါက်ကွဲမှုသည် နိုင်ငံ၏ ရဲတပ်ဖွဲ့သစ်ဖြစ်သော အထွေထွေလုံခြုံရေးတပ်ဖွဲ့က အယ်လ်မာယာဒင်တွင် လုံခြုံရေး စစ်ဆင်ရေးတစ်ခု စတင်ချိန်နှင့် တိုက်ဆိုင်ခဲ့သည်။
