
၁၉. ၅. ၂၀၂၅
Translated by Thettant
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းရှိ တောင်ထူထပ်သောဒေသတွင် ရုတ်တရက် ရေကြီးပြီးနောက် မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့ကြောင်း အစိုးရက ယနေ့ တနင်္လာနေ့ (မေလ ၁၉ ရက်) တွင် ပြောကြားခဲ့ပြီး မိုးလေဝသပညာရှင်များက နောက်ထပ် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သတိပေးခဲ့သည်။
ရုတ်တရက် ရေကြီးမြေပြိုမှုသည် စနေနေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ဘက်ကန်ပြည်နယ် ဘာဘဲခရိုင်တွင် တနင်္ဂနွေနေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ပြီး တောင်ထိပ်မှ အလွန်ကြီးမားသော ပေါက်ကွဲသံကဲ့သို့ ဆူညံသံကို ကြားခဲ့ရသည်။ ထို့နောက် မြေဆီလွှာ၊ ကျောက်တုံးများနှင့် ရေများသည် တောင်ပေါ်မှ စီးဆင်းလာသည်” ဟု အစိုးရ၏ ဝက်ဘ်ဆိုက်ရှိ ကြေညာချက်တွင် ဒေသခံအရာရှိ တီယူ ဆွမ်တိုင်၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။
ဆွမ်တိုင်က ဒေသခံများသည် လွန်ခဲ့သော နှစ်အတော်ကြာက တောင်ထိပ်တွင် ပေါ်ပေါက်ခဲ့သော အကျယ် နှစ်မီတာ (ခြောက်ပေ) ရှိသော အက်ကွဲကြောင်းတစ်ခုကို သတိပြုမိခဲ့ကြကြောင်း ပြောကြားခဲ့သည်။ ပြည်နယ်အာဏာပိုင်များသည် ပြည်သူများအား သတိပေးချက်များ ထုတ်ပြန်ခဲ့ပြီး စမ်းချောင်းများ၊ မြစ်များနှင့် မြေပြိုနိုင်ခြေရှိသော အခြားဒေသများရှိ အသိုင်းအဝိုင်းများအတွက် ချက်ချင်း ဘေးကင်းရေး စစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့ပြီး အန္တရာယ်ရှိသူများကို ချက်ချင်း ရွှေ့ပြောင်းပေးရမည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
မိုးလေဝသပညာရှင်များက ယခုလအတွင်း ဒေသတွင်း မိုးရွာသွန်းမှုသည် ပုံမှန်ထက် များပြားခဲ့ပြီး မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် နောက်ထပ် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။ ဗီယက်နမ်သည် အပူပိုင်းမုန်တိုင်းများ ကျရောက်လေ့ရှိပြီး ယင်းတို့သည် သေစေနိုင်သော ရုတ်တရက်ရေကြီးမှုများနှင့် မြေပြိုမှုများကို မကြာခဏ ဖြစ်ပေါ်စေပြီး ၎င်းတို့သည် ဇွန်လမှ နိုဝင်ဘာလအတွင်း နိုင်ငံကို အများအားဖြင့် တိုက်ခတ်လေ့ရှိသည်။
ရာသီဥတုဆိုင်ရာ ကျွမ်းကျင်သူများက လူသားတို့၏ ပြုမူမှုကြောင့် ဖြစ်ပေါ်လာသော ရာသီဥတုပြောင်းလဲမှုသည် ပျက်စီးစေနိုင်သော ရေကြီးမှုများကို ပိုမိုဖြစ်ပေါ်စေနိုင်သည့် ပြင်းထန်သော ရာသီဥတုပုံစံများကို ဖြစ်ပေါ်စေကြောင်း ပြောကြားခဲ့သည်။ ပြီးခဲ့သောနှစ်အတွင်း ဗီယက်နမ်နိုင်ငံ၌ သဘာဝဘေးအန္တရာယ်များကြောင့် လူ ၅၁၄ ဦး သေဆုံးခဲ့ပြီး ၂၀၂၃ ခုနှစ်ထက် သုံးဆပိုများကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ စက်တင်ဘာလတွင်လည်း မြောက်ဗီယက်နမ်ဘက်ခြမ်းသည် တိုင်ဖွန်း ရာဂီကြောင့် ပျက်စီးခဲ့ပြီး လူ ၃၄၅ ဦး သေဆုံးကာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံ စီးပွားရေးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည်။
Ref ,The Star
