
၁၈.၅.၂၀၂၅
Translated by Htwe Ko Tun
လူ ၂၇၇ ယောက်လိုက်ပါလာတဲ့မက္ကဆီကိုနိုင်ငံ ရေတပ်က ရွက်လွှင့်လေ့ကျင့်ရေး သင်္ဘော Cuauhtemoc ဟာ သူ့ရဲ့ ကမ္ဘာအနှံ့ချစ်ကြည်ရေးခရီးစဉ်အရ အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့ကို မေလ ၁၇ ရက် ညနေပိုင်းက ရောက်လာပြီး ကမ်းနားပိုင်းတစ်လျှောက်ခုတ်မောင်းလာချိန် ဘရွတ်ကလင်းတံတားကို ဝင်တိုက်မိပြီး ရွက်တိုင်တွေ ကျိုးကျခဲ့တာကြောင့် လူနှစ်ဦးသေဆုံးပြီး အနည်းဆုံး ၂၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သင်္ဘောက တံတားကို ဝင်တိုက်မိမှုက ည ၈ နာရီခွဲလောက်မှာ ဖြစ်ခဲ့ရတာပါ။ နယူးယေ့ာခ်ရဲတပ်ဖွဲ့ က ဒဏ်ရာရရှိသူတွေအနက် လေးဦးက ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့လည်း ပြောခဲ့ပါတယ်။ မြို့တော်ဝန် အီရစ် အဒမ်ကလည်း သင်္ဘောကတံတားကို ဝင်တိုက်ခဲ့မှုမှာ သင်္ဘောသားနှစ်ဦးသေဆုံးပြီး အခြားနှစ်ဦးမှာစိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ မေလ ၁၈ ရက်နံနက်က လူမှုကွန်ရက်မှာ ပြောခဲ့ပါတယ်။
သင်္ဘောပေါ်မှာ ဓာတ်အားပြတ်တောက်သွားခဲ့မှုကြောင့် မောင်းနှင်လာတဲ့ ရေယာဉ်မှူးက စက်ပိုင်းဆိုင်ရာ မထိန်းသိမ်းနိုင်ဖြစ်ပြီး သင်္ဘောက တံတားရဲ့ ရေလယ်တိုင်ကို ဝင်တိုက်မိခဲ့တာလို့လည်း သိရပါတယ်။ အဲဒီလိုတိုက်မိမှုကြောင့် သင်္ဘောရဲ့ ရွက်တိုင်တွေလည်းကျိုးကျပြီး အများအပြား ဒဏ်ရာရမှုတွေဖြစ်ခဲ့ရတာပါ။ ရွက်တိုင်တွေကနေ သင်္ဘောသားတွေ တွဲလောင်းကျနေတာလည်း တွေ့ကြရပါတယ်။ တာဝန်ရှိသူတွေပြောကြားချက်တွေအရ ရေထဲကိုတော့ ပြုတ်ကျသူမရှိခဲ့ဘူးလို့ သိရပါတယ်။

တံတားကိုတော့ ခေတ္တပိတ်ထားခဲ့ပြီးနောက်စစ်ဆေးမှုအပြီးမှာ ကြံ့ခိုင်မှုကိုထိခိုက်တာမရှိဘူးလို့ယုံကြည်ရလို့ ယာဉ်ဖြတ်သန်းသွားလာခွင့် ပြန်လည်ခွင့်ပြုခဲ့ပါတယ်။
မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်ဘွမ်းက သေဆုံးသူသင်္ဘောသားနှစ်ဦးရဲ့မိသားစုတွေဆီ အထူးစိတ်မကောင်းဝမ်းနည်းရပါတယ်လို့ ပြောကြားခဲ့ပါတယ်။
မက္ကဆီကို ရေတပ်က ရွက်လွှင့်လေ့ကျင့်ရေး သင်္ဘော Cuauhtemoc ဟာ နိုင်ငံ ၁၅ နိုင်ငံ က ဆိပ်ကမ်း၂၂ ခုကို သွားလာဖို့ ထွက်ခွာလာတာလို့သိရပါတယ်။