၂၆. ၁. ၂၀၂၃
Written by Ye Kyaw
ပြည်တွင်းစားသုံးသည့် ရွှေဘိုပေါ်ဆန်းနှင့် အခြားသေ ာပေါ်ဆန်းအမျိုးအစားများ ဝင်ရောက်မှုနည်းလာ၍ ဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး လက်လီဈေးကွက်တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀ အထိ ဈေးနှုန်းတက်လာကြောင်း ဆန်ရောင်းဝယ်သူများ၊ ဆန်လက်လီရောင်းချသူများထံမှ သိရသည်။
‘’အခုက စက်ပိုင်တွေဆီကကို ဈေးတက်နေတာ။ မဝင်တာပေါ့နော်။ ဒီမှာကတော့ ရွှေဘိုပေါ်ဆန်းရှယ်တော့မရှိဘူး။ ရွှေဘိုနဲ့အခြားဆန်အရောတောင် တစ်ပြည်ကို ၄၃၀၀ နဲ့ ၄၄၀၀ လောက်ရောင်းနေရပြီ” ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် ဆန်လက်လီရောင်းချသူတစ်ဦးက ပြောသည်။
ယခင်က ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ ကျော်သာရှိခဲ့ရာမှ ဈေးနှုန်းမြင့်တက်ခဲ့သဖြင့် တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀ မှ ကျပ် ၁၀၀,၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ယင်းကဲ့သို့ မြင့်တက်ခဲ့သည့် အမြင့်ဈေးနှုန်းထက်ပင် ဆက်လက်မြင့်တက်ခဲ့ရာ ရွှေဘိုပေါ်ဆန်းရှယ် တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀ အထိရှိလာခဲ့သည်။
အခြားသောဆန်အမျိုးအစားများမှာလည်း ခြောက်လအတွင်း တစ်အိတ်လျှင် ကျပ် ၂၀,၀၀၀ ဝန်းကျင် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဆန်ကြမ်းများဖြစ်သော ဧည့်မထဆန်(ဟောင်း)တစ်အိတ်လျှင်ပင် ကျပ် ၄၈,၀၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့သည်။
ယခုဇန်နဝါရီလအတွင်း ရန်ကုန်မြို့ရှိ ဝါးတန်းဆန်ကုန်စည်ဒိုင်သို့လည်း ဧရာဝတီတိုင်းမှ ထွက်ရှိသည့် ဆန်များဝင်ရောက်မှု လျော့ကျခဲ့သည့်အပြင် သယ်ယူပို့ဆောင်ရေးစရိတ်များလည်း ယခင်ထက် ကုန်ကျမှုများပြားခဲ့ကြောင်း သိရသည်။
“အရင်က ဒီကို သင်္ဘောအရေအတွက် လေး၊ ငါးစီးလောက်တော့ ဝင်တယ်။ အခုဆို တစ်စီး၊ နှစ်စီးလောက်ပဲဝင်တယ်။ အခုက ဆန်စက်ပိုင် စက်လှေလောက်ပဲရှိတော့တာ။ တချို့စက်လှေတွေကို ဖျက်ပစ်လိုက်တဲ့ အခြေအနေအထိရှိတယ်” ဟု ဧရာဝတီတိုင်းမှ ရန်ကုန်သို့ သင်္ဘောဖြင့် ဆန်တင်ပို့နေသူတစ်ဦးက ပြောသည်။
ထို့ပြင် စိုက်ပျိုးစရိတ်ကြီးမြင့်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမှု အနည်းငယ်လျော့ကျမှုများရှိခဲ့သည့်အပြင် ထွက်ရှိလာသည့် ဆန်များကို ရန်ကုန်သို့ တင်ပို့ရာတွင်လည်း ည ၁၂ နာရီ မတိုင်မီ မိမိလိုရာခရီးသို့ ရောက်ရှိအောင် သွားရပြီး မသွားနိုင်ပါက စစ်ဆေးမှုများ၊ ကုန်ကျစရိတ်များ ပုံမှန်ထက် ပို၍များလာကြောင်း သိရသည်။
“နဂိုဆို အကန့်အသတ်မရှိသွားလို့ရတယ်။ ဒီကနေထွက်မယ်ဆို ည ၁၂ မထိုးခင် ကိုယ့်ရဲ့မြို့ကို ရောက်အောင်သွား။ မြို့မရောက်ဘဲလမ်းမှာတင်ဆို စစ်လားဆေးလာဆို အဖြေကောင်းရင်တော်သေးတယ်” ဟု ၎င်းက ဆိုသည်။
ဇန်နဝါရီ ၂၆ ရက်တွင် ပြည်တွင်းစားသုံးသည့် ဆန်ချောများဖြစ်သော မြောင်းမြ/ပုသိမ်ပေါ်ဆန်း (ဟောင်း) တစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ ခန့်၊ ပေါ်ဆန်းနယ်စုံ (ဟောင်း) တစ်အိတ်လျှင် ကျပ် ၆၅,၀၀၀ ခန့်၊ ဖျာပုံပေါ်ဆန်း (ဟောင်း) တစ်အိတ်လျှင် ကျပ် ၆၃,၀၀၀ ခန့်၊ ကြားပျံရှယ် (ဟောင်း) တစ်အိတ်လျှင် ကျပ် ၇၅,၀၀၀ခန့်၊ ဆန်ကြမ်းများဖြစ်သည့် ငစိန်ဆန် တစ်အိတ်လျှင် ကျပ် ၄၅,၀၀၀ ကျော်၊ ဧည့်မထ (သစ်) တစ်အိတ်လျှင် ကျပ် ၄၈,၀၀၀ ခန့်၊ မြီးဒုံး (ဟောင်း) တစ်အိတ်လျှင် ၅၄,၀၀၀ ကျော်၊ ရက် (၉၀)ဆန်(ဟောင်း) တစ်အိတ်လျှင် ကျပ် ၅၇,၀၀၀ ကျော်ရှိကြောင်း ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)မှ ထုတ်ပြန်ထားသည်။


