
၈.၅.၂၀၂၅
Translated by Thettant
ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့သည် ဘင်္ဂလားပင်လယ်အော်မှတစ်ဆင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်ခြမ်းသို့ လက်နက်ခဲယမ်းထုတ်နိုင်သည့် ယူရီးယားဓာတ်မြေသြဇာ တရားမဝင် တင်သွင်းရန် ကြိုးပမ်းသည့် ဘင်္ဂါလီဒုက္ခသည် ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ပြီး သယ်ဆောင်လာသည့် စက်လှေကိုလည်း သိမ်းဆည်းခဲ့သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့ဌာနချုပ်မှ ပြန်ကြားရေးအရာရှိ ဒုတိယဗိုလ်မှူးကြီး ဟာရွန်အာရရှစ်ဒ်က ယနေ့ ကြာသပတေးနေ့ နံနက်ပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့မှ အရာရှိများ၏ အဆိုအရ ဖမ်းဆီးခံရသူများသည် စစ်တကောင်းခရိုင်၊ ဥခီယာမြို့နယ်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် နေထိုင်သူ ဘင်္ဂါလီဒုက္ခသည် များဖြစ်သည်။
ဖြစ်စဉ်မှာ ဗုဒ္ဓဟူးနေ့ သန်းခေါင်ယံအချိန်ခန့်တွင် ကမ်းခြေစောင့်တပ်ဖွဲ့ပိုင် ရေယာဉ် မန်ဆူရ်အလီသည် တက်ကနက်ဖ်မြို့နယ် စိန့်မာတင်ကျွန်းအနီး ကမ်းလွန်ပင်လယ်ပြင်တွင် သံသယဖြစ်ဖွယ် ငါးဖမ်းစက်လှေတစ်စီးကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ လက်ရှိကာလမှာ ရက်ပေါင်း ၅၈ ရက်ကြာ ငါးဖမ်းခြင်း တားမြစ်ထားသောကြောင့် ယင်းစက်လှေရောက်ရှိနေမှုသည် သံသယဖြစ်ဖွယ်ရာအခြေအနေတစ်ရပ် ဖြစ်ပေါ်စေခဲ့သည်ဟု ဒုတိယဗိုလ်မှူးကြီး ဟာရွန်အာရရှစ်ဒ်က ပြောသည်။
ထို့ကြောင့် အဆိုပါ စက်လှေကို ရပ်တန့်ရန် အချက်ပြသောအခါ စက်လှေသည် ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ခဏတာမျှ လိုက်လံဖမ်းဆီးအပြီးတွင် ကမ်းခြေစောင့်တပ်ဖွဲ့က ယင်းစက်လှေကို ကြားဖြတ်တားဆီးနိုင်ခဲ့သည်။ ထို့နောက် စက်လှေပေါ် ရှာဖွေရာတွင် အကောက်ခွန်ရှင်းလင်းခြင်းမရှိဘဲ တရားမဝင် သယ်ဆောင်လာသော၊ လက်နက်ခဲယမ်းထုတ်လုပ်ရာတွင် ထည့်သွင်းနိုင်သည့် ယူရီးယားဓာတ်မြေသြဇာအိတ်ပေါင်း ၇၄၂ အိတ်ကို တွေ့ရှိခဲ့သဖြင့် စက်လှေပေါ်ပါရှိသူ ဘင်္ဂါလီဒုက္ခသည် ၁၁ ဦးကို ချက်ချင်း ဖမ်းဆီးခဲ့သည်။
ပြန်လည်သိမ်းဆည်းရမိသော ဓာတ်မြေသြဇာများကို တက်ကနက်ဖ် အကောက်ခွန်ရုံးရှိ ဂိုဒေါင်သို့ လွှဲပြောင်းထားပြီး တရားခံများအသုံးပြုသော စက်လှေအား တက်ကနက်ဖ်မြို့နယ် ရဲစခန်းသို့ လွှဲပြောင်းထားကာ ဥပဒေအရ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် သက်ဆိုင်ရာဥပဒေများအရ အမှုဖွင့်အရေးယူရန် ပြင်ဆင်နေကြောင်း ဒုတိယဗိုလ်မှူးကြီး ဟာရွန်အာရရှစ်ဒ်က အတည်ပြုပြောကြားခဲ့သည်။
Ref , Dhaka Tribune