
၂၈.၆.၂၀၂၆
Written by Linn Eain
၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်းနှင့်၂၀၂၁ မှ ၂၀၂၅ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ဖြင့် တင်သွင်းရောက်ရှိပြီးနောက် မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ရန်ကျန်ရှိသော မော်တော်ယာဉ်များ ယခုနှစ် ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံးထား၍ ကညနရုံးများတွင် ကနဦးမှတ်ပုံတင်ခြင်း ဆောင်ရွက်ရမည်ဖြစ်ပြီး အချိန်မီမှတ်ပုံမတင်ပါက တည်ဆဲဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ဇွန် ၂၈ ရက်တွင် အသိပေးကြေညာထားသည်။
ထိုသို့ သတ်မှတ်ကာလကျော်လွန်ပါက ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးမည်မဟုတ်ကြောင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများ အချိန်မီဆောင်ရွက်ခြင်းမပြုပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက်က ဆိုသည်။
မြန်မာနိုင်ငံအတွင်းသို့ ကုန်သွယ်ရေးဦးစီးဌာန၏ တင်သွင်းခွင့်ပြုချက်နှင့် အကောက်ခွန်ဦးစီးဌာနတို့တွင် အခွန်များပေးဆောင်၍ တင်သွင်းရောက်ရှိပြီးသော မော်တော်ယာဉ်များသည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ကနဦးမှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်သော်လည်း မှတ်ပုံတင်ဆောင်ရွက်ခြင်းမရှိဘဲ နံပါတ်ပြားအတုများ၊ အလှဆင်နံပါတ်ပြားများတပ်ဆင်၍ အသုံးပြုနေသည်ကို လည်းကောင်း၊ လုပ်ငန်းသုံးယာဉ်များနှင့် စက်ယန္တရားယာဉ်များသည်လည်း မှတ်ပုံတင်လုပ်ငန်း ဆက်လက်ဆောင်ရွက်ခြင်းမပြုဘဲ စီမံကိန်းများနှင့် လုပ်ငန်းခွင်များတွင် တရားမဝင်အသုံးပြုနေသည်ကိုလည်းကောင်းတွေ့ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါမော်တော်ယာဉ်များသည် တည်ဆဲ ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေနှင့်အညီ ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်သောကြောင့် ပထမပိုင်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာနမှ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ထုတ်ပေးထားသော ယာဉ်များသည် ဇွန် ၃၀ ရက် နောက်ဆုံးထား၍ နီးစပ်ရာကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများတွင် ကနဦးမှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် သတ်မှတ်ကာလကျော်လွန်သည်အထိ မှတ်ပုံတင်လုပ်ငန်းများ လာရောက်ဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ပြီးဖြစ်သည်။
ယခုအခါ ဒုတိယပိုင်းအနေဖြင့် ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်းနှင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ထုတ်ပေးထားသော ယာဉ်များသည် ယခုနှစ်ကုန် ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံးထား၍ ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများကို နီးစပ်ရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများတွင် ပြီးပြတ်အောင်ဆောင်ရွက်ကြရန် ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။
