
၂၈.၆.၂၀၂၆
Written by KL
ကချင်ပြည်နယ်၊ ဖားကန့်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာ၊ သုံးသိန်းမှော်တွင် ဇွန်လ ၂၇ ရက် ည ၁၁ နာရီခန့်က မြေစာပုံပြိုကျ၍ ရေမဆေးကျောက်ရှာဖွေသူခြောက်ဦး သေဆုံးခဲ့ကြောင်းဒေသခံများထံမှ သိရသည်။
လတ်တလောတွင် မြေစာပုံအောက်တွင် ပျောက်ဆုံးနေသော အမျိုးသားခြောက်ဦးအနက် ငါးဦး၏ရုပ်အလောင်းကို ဒေသခံ လူမှုကူညီရေးအသင်းများက ပြန်လည်ရှာဖွေတွေ့ရှိထားပြီးဖြစ်ကြောင်း သိရသည်။
သေဆုံးသူများမှာ အသက် ၂၉ နှစ်မှ အသက် ၃၀ ကျော်အရွယ် အမျိုးသားများဖြစ်ကြပြီး ကျန်ရှိနေသူကို ဆက်လက်ရှာဖွေနေကြောင်း သိရသည်။
“မြေစာပုံက ဒီမိုးတွင်းဆို အရမ်းအန္တရာယ်များတယ်၊ကျောက်တစ်လုံးရဖို့ ရှာရဖွေရမလွယ်လိုက်တာ”ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။
ထို့အတူ ဇွန်လ ၁၈ ရက် ညနေ ၄ နာရီခွဲခန့်က ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု ကုဋေမှော်ကျေးရွာအနီးရှိ ဒေသအခေါ်မြယမုံကျင်းတွင် မြေစာပြိုကျခဲ့မှုကြောင့် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။
