




သက်တံ့
၂၈.၆.၂၀၂၆
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့ ဇွန် ၂၈ ရက် (တနင်္ဂနွေနေ့)၊ နံနက် ၆ နာရီတွင် ထုတ်ပြန်ခဲ့ရာ ယမန်နှစ်ထက် အောင်မြင်မှုမြင့်တက်ခဲ့ပြီး အောင်ချက် ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းအထိ ရှိလာခဲ့ကြောင်း သိရသည်။
ယမန်နှစ် ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသူ ၂၀၇,၈၉၈ ဦး၊ အောင်မြင်သူ ၉၉၉၂၄ ဦးရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းမှာမူ ၄၈ ဒသမ ၀၆ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ယခုနှစ်တွင် ၂၅၅,၂၂၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၁၃၃,၆၇၃ ဦး အောင်မြင်ခဲ့သည့်အပြင် အမှတ်အများဆုံးရရှိသူမှာ မန္တလေးတိုင်း၊ CAE ကိုယ်ပိုင်ကျောင်းမှ မသီရိစိုး (သိပ္ပံဘာသာတွဲ) ဖြစ်ပြီး စုစုပေါင်းရမှတ် ၅၆၂ မှတ် ဖြင့် မြန်မာတစ်နိုင်ငံလုံး ပထမ ရရှိခဲ့သည်။ ထို့အတူ ဝိပ္ပံဘာသာတွဲတွင် မနီနီကျော်က ၅၃၀ ဖြင့် တစ်နိုင်ငံလုံးပထမရခဲ့သလို ဝိဇ္ဇာဘာသာတွဲတွင် မစုမြတ်အောင်က ၄၉၈ မှတ်ဖြင့် ပထမရခဲ့သည်။
ထို့အတူ ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲကိုလည်း ယနေ့တစ်ပြိုင်တည်း ထုတ်ပြန်ရာ ဖြေဆိုသူ ၃၃၆၄ ဦးအနက် ၁၆၇၂ ဦးအောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၄၉ ဒသမ ၇၀ အထိ ရှိခဲ့ကြောင်း သိရသည်။
အလားတူ အင်းစိန်ထောင်မှလည်း ကျောင်းသားကျောင်းသူ ၃၃ ဦး ဝင်ရောက်ဖြေဆိုရာ အားလုံးအောင်မြင်ခဲ့သဖြင့် အောင်ချက် ရာနှုန်းပြည့်ရှိခဲ့သည့်အပြင် သုံးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ နှစ်ဘာသာ တစ်ဦးနှင့် တစ်ဘာသာ ငါးဦး အောင်မြင်ခဲ့သည်။
ယနေ့ အောင်စာရင်းရလဒ်များကို အွန်လိုင်းမှလည်း ကြည့်ရှုနိုင်ရန် စီစဉ်ထားသဖြင့် ဇွန် ၂၈ ရက်၊နံနက် ၄ နာရီက စတင်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပြီ ဖြစ်သည်။
ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို Website မှအသိပေး ထုတ်ပြန်ကြေညာပေးထားသည့်အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာန များနှင့် အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိသည့် စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်း အောင်စာရင်း ထွက်သည့်ယနေ့တွင် ကြေညာပေးလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်းနံပါတ် (၀၁-၆၅၃၅၀၉ )သို့ အောင်စာရင်းထုတ်ပြန်ကြေညာသည့်နေ့ ဇွန် ၂၈ ရက်တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း စာစစ်ဦးစီးဌာနက အသိပေးထားသည်။
