





၂၈.၆.၂၀၂၆
Written by Linn Eain
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့ ဇွန် ၂၈ ရက် (တနင်္ဂနွေနေ့)၊ နံနက် ၆ နာရီတွင် ထုတ်ပြန်ခဲ့ပြီး အောင်စာရင်းရလဒ်များကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်း ကပ်ထားကြောင်း သိရသည်။
ထို့ပြင် အောင်စာရင်းရလဒ်များကို အွန်လိုင်းမှလည်း ကြည့်ရှုနိုင်ရန် စီစဉ်ထားသဖြင့် ဇွန် ၂၈ ရက်၊နံနက် ၄ နာရီက စတင်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပြီ ဖြစ်သည်။
ရန်ကုန်မြို့ရှိ အထက(၆) ဗိုလ်တထောင်ကျောင်းမှ တာဝန်ရှိသူတစ်ဦးက ” ဒီကျောင်းမှာတော့ ယခုနှစ်အောင်ချက်က ၅၀ ရာခိုင်နှုန်းရှိပါတယ်။ မနှစ်ကတော့ ၄၈ ရာခိုင်နှုန်းပဲရှိတယ်။ ဒီနှစ်မှာ ငါးဘာသာ ဂုဏ်ထူးရှင်အပါအဝင် လေးဘာသာ၊ သုံးဘာသာ ဂုဏ်ထူးရှင်တွေလည်း ဒီကျောင်းက ထွက်ပါတယ် ” ဟု ပြောကြားခဲ့သည်။
ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို Website မှအသိပေး ထုတ်ပြန်ကြေညာပေးထားသည့်အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာန များနှင့် အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိသည့် စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်း အောင်စာရင်း ထွက်သည့်ယနေ့တွင် ကြေညာပေးလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်းနံပါတ် (၀၁-၆၅၃၅၀၉ )သို့ အောင်စာရင်းထုတ်ပြန်ကြေညာသည့်နေ့ ဇွန် ၂၈ ရက်တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း စာစစ်ဦးစီးဌာနက အသိပေးထားသည်။
