ပုံစာ။ ပရဟိတယာဥ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရသူအချို့ မြင်ကွင်း (ဓာတ်ပုံ - သက်တံ့ရောင်၊ Phyo Ko Ko Swe)
သက်တံ့
၄. ၈. ၂၀၂၆
ငဝန်တာကျိုးပေါက်မှုကြောင့် ရေဘေးကျရောက်နေသော ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်သို့ ရေဘေးကူညီကယ်ဆယ်ရေးလာသည့် ပရဟိတယာဉ်တစ်စီး ယနေ့ ဩဂုတ် ၄ ရက် နံနက်ပိုင်းက တိမ်းမှောက်ခဲ့ရာ ယာဥ်ပေါ်ပါသူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။
ဖြစ်စဉ်မှာ အိုင်သပြုရွာရေဘေးသို့ သွားရောက်ထောက်ပံ့မည့် အိုင်ဇောက်ကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာနေသူ (၁၆) ဦးလိုက်ပါလာသော ပုစဉ်းခေါင်းယာဉ်တစ်စီးသည် ဟင်္သာတ-ပုသိမ်လမ်းကမှ ခွဲထွက်ပြီး နိဗ္ဗာန် – ခမောက်စုလမ်းမကြီးပေါ် ဆိတ်ချီးပင်ကျေးရွာနှင့် အိုင်ဒိုကြားကားလမ်းတွင် ယာဉ်တိမ်းမှောက်ခဲ့ကြောင်း သက်တံ့ရောင်လူမှုကူညီရေးအသင်းမှ သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် အမျိုးသားနှစ်ဦးနှင့် စိုးရိမ်ဒဏ်ရာရသည့် အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသမီးလေးဦးတို့အား သက်တန့်ရောင် ပရဟိတအသင်းမှ လူနာတင် ယာဉ်နှစ်စီး၊ ခမောက်စု လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ် တစ်စီးတို့ဖြင့် ဟင်္သာတပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။






