သက်တံ့
၄. ၈. ၂၀၂၆
ဒူဘိုင်းမှ ဘန်ကောက်သို့ ပျံသန်းသည့် လေယာဉ်ပေါ်တွင် အိပ်ပျော်နေစဉ် ပါကစ္စတန်အမျိုးသားတစ်ဦး၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရပြီးနောက် လေယာဉ်အမှုထမ်းများက သူမ၏ ဘောင်းဘီပေါ်တွင် သုတ်ရည်ဟု ယူဆရသော အကွက်များကို တွေ့ရှိခဲ့ကြောင်း ထိုင်းအမျိုးသမီးတစ်ဦးက မနေ့က (ဩဂုတ် ၃ ရက်) စွပ်စွဲပြောဆိုလိုက်သည်။
အဆိုပါ အမျိုးသမီးက သူမ၏ အတွေ့အကြုံကို Facebook ပေါ်တွင် မျှဝေခဲ့ရာတွင် အသက် ၄ နှစ်အရွယ် သမီးဖြစ်သူနှင့်အတူ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ဒူဘိုင်းမြို့မှ ထွက်ခွာလာစဉ် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

လေယာဉ်စတင် ထွက်ခွာပြီး မကြာမီအချိန်တွင် အဆိုပါ အမျိုးသားသည် သူမ၏ ထိုင်ခုံပေါ်သို့ လက်ကို ခဏခဏ လာတင်ထားသဖြင့် စိတ်မသက်မသာ ဖြစ်ခဲ့ရကြောင်း၊ ထို့နောက် သမီးဖြစ်သူနှင့်အတူ အိပ်ပျော်သွားခဲ့ကြောင်း သူမက ဆိုသည်။
အိပ်ပျော်နေစဉ် သူမ၏ ညာဘက်တင်ပါးကို တစ်စုံတစ်ဦးက လာရောက်ကိုင်တွယ်နေပြီး စိုစွတ်မှုကို ခံစားခဲ့ရသော်လည်း စောင်ခြုံထားသဖြင့် သတိမထားမိခဲ့ကြောင်း ပြောသည်။ ခဏအကြာတွင် အဆိုပါ အမျိုးသားက သူမကို ဆက်တိုက် စိုက်ကြည့်နေပြီး သူမ၏ ထိုင်ခုံရှေ့ရှိ ဖျော်ဖြေရေးစကရင်ကို ခဏခဏ လာရောက်ကိုင်တွယ်နေသည်ကို သတိပြုမိခဲ့သည်။
ထိုင်းနိုင်ငံသို့ မဆင်းသက်မီ ၁ နာရီခွဲခန့်အလိုတွင် အဆိုပါ ဖြစ်စဉ်ကို လေယာဉ်အမှုထမ်းများထံ သတင်းပို့ရန် သူမ ဆုံးဖြတ်ခဲ့သည်။ လေယာဉ်ဆင်းသက်ပြီးနောက် ဖြစ်ပျက်ခဲ့သည်များကို လေယာဉ်အမှုထမ်းအား ရှင်းပြခဲ့ပြီးနောက် အဆိုပါ ပါကစ္စတန်အမျိုးသားအား စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားခဲ့သည်။
အမျိုးသမီး၏ ပြောကြားချက်အရ အဆိုပါ အမျိုးသားသည် ကျူးလွန်ခဲ့သည်များကို ဝန်ခံခဲ့ပြီး ဒူးထောက်ကာ ငိုယိုတောင်းပန်ခဲ့ကြောင်း သိရသည်။ သူမက ထိုတောင်းပန်မှုကို လက်မခံဘဲ ရဲအရာရှိများကို လေယာဉ်ပေါ်အထိ လာရောက်ဖမ်းဆီးပေးရန် တောင်းဆိုခဲ့သည်။

ထို့နောက် လေယာဉ်လိုင်း ဝန်ထမ်းတစ်ဦးက အမျိုးသမီး၏ ဘောင်းဘီပေါ်တွင် သုတ်ရည်ဟု ယူဆရသော အကွက်များကို တွေ့ရှိခဲ့သဖြင့် သူမမှာ ပိုမို ထိတ်လန့်တုန်လှုပ်ခဲ့ရကြောင်း ပြောသည်။
လေယာဉ်ပေါ် သူမ အိပ်ပျော်သွားရခြင်းမှာ ဇီဝကမ္မအချိန် ပြောင်းလဲမှုကို ညှိယူနိုင်ရန် လေယာဉ်မစီးမီ အိပ်ဆေးသောက်ထားခဲ့သဖြင့် အနှစ်ခြိုက်ဆုံး အိပ်ပျော်သွားခဲ့ရခြင်းဖြစ်ကြောင်း သူမက ရှင်းပြခဲ့သည်။
ထို့အတူ သူစိမ်းများဘေးတွင် ထိုင်ရသည့်အခါ ခရီးသည်များအနေဖြင့် သတိထားကြရန်နှင့် ယခုကဲ့သို့ ဖြစ်ရပ်မျိုး မည်သူမျှ မကြုံတွေ့ရပါစေနှင့်ဟု သူမက မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် အဆိုပါ ဖြစ်စဉ်ကို ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဗျူရိုနှင့် ဒွန်မောင်းရဲစခန်းတို့က စုံစမ်းစစ်ဆေးလျက်ရှိပြီး စွပ်စွဲခံထားရသူအား လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားကြောင်း အမျိုးသမီးက ဖြည့်စွက်ပြောကြားခဲ့သည်။
Ref : Thaiger
