သက်တံ့
၄. ၈. ၂၀၂၆
မိုးတွင်းကာလထီအရောင်းပါးခြင်း၊ ယခုလတွင် အက္ခရာနှစ်လုံးတိုးခြင်းနှင့် ဆုကြေးမတိုးခြင်းကြောင့် ရန်ကုန်မြို့လယ်ရှိ ပင်ရင်းထီဆိုင်ကြီးများ လက်လီဈေးကွက်တွင် ထီတစ်စောင် ကျပ် ၁၀၀ ဈေးချကာ ရောင်းချနေကြကြောင်း သိရသည်။
အောင်ဘာလေသိန်းဆုထီအနေဖြင် ထီဈေးကွက်တွင် သုံးလဆက် လစဉ်အက္ခရာအလုံးရေ ဆက်တိုက်တိုးမြှင့်လာခဲ့ရာ ၈၇ ကြိမ်မြောက်တွင် အက္ခရာ ၁၄ လုံးမှ အကြိမ် ၉၀ မြောက်တွင် အက္ခရာ ၁၈ လုံးဖြစ်လာခဲ့သည်။
အောင်ဘာလေသိန်းဆုထီမှာ ၂၀၂၁ ဇန်နဝါရီအထိ အမြင့်ဆုံးဆုကြေး ကျပ်သိန်း ၁၅၀၀၀ အထိ ပေးခဲ့သော်လည်း နိုင်ငံရေးပဋိပက္ခများကြောင့် အက္ခရာ ၉ လုံးသို့ လျှော့ချခဲ့ရသလို အမြင့်ဆုံးဆုကြေးကိုလည်း ကျပ်သိန်း ၅၀၀၀ သာ ချီးမြှင့်ခဲ့သည်။ ငါးနှစ်ကျော်အကြာတွင် အက္ခရာအလုံးရေ နှစ်ဆတက်ကာ အက္ခရာ ၁၈ လုံးဖြစ်လာသော်လည်း အမြင့်ဆုံးဆုကြေး တိုးမြှင့်ပေးနိုင်မှုမရှိချေ။
ထို့ကြောင့် အက္ခရာ ၁၆ လုံးဖြစ်လာသည့် ၂၀၂၆ ခုနှစ် ဩဂုတ် ၁ ရက် ထွက်ရှိသည့် ၈၉ ကြိမ်မြောက်တွင် ပင်ရင်းဒိုင်များလက်လီစျေးကွက်တွင် ထီတစ်စောင် ကျပ် ၁၂၀၀ ဖြင့် စတင်ရောင်းချရာမှ ကျပ် ၁၁၀၀ အထိ လျှော့ချသော်လည်း ထီထိုးသူနည်းပါးသဖြင့် ထီရောင်းချသူအချို့ လက်ကျန်များခဲ့ကြကြောင်း သိရသည်။
“မြို့ထဲက ပင်ရင်းဒိုင်တွေက လက်လီမှာ အရင်က တစ်စောင်ချင်း ၁၂၀၀ ရောင်းကြတာ။ အခုလကြတော့ တစ်စောင် ၁၀၀၀၊ ၁၁၀၀ ရောင်းနေကြတယ်။ ဘာလို့ ထီစျေးကျတာလဲမေးတော့ အက္ခရာနှစ်လုံးတိုးလို့၊ အရောင်းပါးလို့၊ ပရိုမိုးရှင်းလုပ်တာလို့ ဖြေကြတယ်။ တခြားနေရာက လက်လီဆိုင်လေးတွေကလည်း အရင် ၁၅၀၀ ရောင်းနေသူတွေက ၁၄၀၀၊ ၁၄၀၀ ရောင်းနေသူတွေက ၁၃၀၀ ချရောင်းနေတာ တွေ့ရတယ်။ ထီအရောင်းပါးနေတာက အက္ခရာတိုးလာပြီး ဆုကြီးမတိုးလာတော့ လူတွေက စိတ်ဝင်စားမှုကျပြီး ထီထိုးနည်းလာတယ်။ အထူးသဖြင့် လူငယ်တွေက ထီလုံးဝမထိုးသလောက်ဘဲ”ဟု ပင်ရင်းထီဆိုင်ကြီးများမှ တစ်ဆင့်ဝယ်ယူကာ ပြန်လည်ရောင်းချသူတစ်ဦးက ပြောသည်။
ပင်ရင်းထီဆိုင်ကြီးများအနေဖြင့် ယခင်က လက်ကားဖြန့်သည့်စျေးကွက်တွင် ထီတစ်စောင် ကျပ် ၁၁၀၀ ခန့်မှ ကျပ် ၁၂၀၀ ခန့်အကြား ဖြန့်ဖြူးခဲ့ကြသဖြင့် လက်လီစျေးကွက်တွင် ထီတစ်စောင် ကျပ် ၁၃၀၀ မှ ကျပ် ၁၅၀၀ အကြား နေရာဒေသနှင့် စျေးကွက်အလိုက် ရောင်းချခဲ့ကြသော်လည်း ယခုလဆန်းတွင်မူ ပင်ရင်းဒိုင်များ စျေးချသည့်နည်းတူ လက်လီဒိုင်များတွင်လည်း ထီတစ်စောင် ကျပ် ၁၀၀ လျှော့ချကာ တစ်စောင် ကျပ် ၁၃၀၀၊ ကျပ် ၁၄၀၀ သို့ ရောင်းချနေကြကြောင်း သိရသည်။
ထီစျေးကျခြင်းမှာ မိုးကာလထီအရောင်းပါးခြင်း၊ အက္ခရာနှစ်လုံးတိုးခြင်းနှင့် ဆုကြေးမတိုးခြင်းကြောင့်ဟု ထီရောင်းချသူများက ပြောသော်လည်း သတင်းအချို့အရမူ ပြည်သူများဝယ်ယူနေရသော ထီစျေးနှုန်းမှာ အစိုးရဖြန့်စျေးထက် ၃၅ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအောက် အမြတ်တင်ရောင်းချမှု ဖြစ်ပွားနေသဖြင့် ထီစျေးကွက်တွင် စျေးအဆမတန်မြင့်တက်မှုမဖြစ်အောင် ထိန်းကျောင်းသဖြင့် စျေးကျသည်ဟုလည်း ကနဦးပြောဆိုမှုများ ရှိနေသည်။
