၂.၈.၂၀၂၆
Translated by Htwe Ko Tun
ရုရှားနိုင်ငံ၊ မော်စကိုမြို့လယ်ရှိ အဆင့်မြင့်စားသောက်ဆိုင်တစ်ဆိုင်အနီးတွင် အမျိုးသမီးတစ်ဦး သယ်ဆောင်လာသော လက်လုပ်ဗုံးတစ်လုံး သြဂုတ်လ ၁ ရက် ညနေပိုင်းက ပေါက်ကွဲခဲ့ရာ လူသုံးဦးသေဆုံးပြီး အနည်းဆုံး ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ပေါက်ကွဲမှုသည် မော်စကိုမြို့၊ ကူဒရင့်စ်ကာရာ ရင်ပြင်ရှိ စတာလင်ခေတ် မိုးမျှော်တိုက်ခုနစ်ခုအနက် တစ်ခုတွင် တည်ရှိသော Balzi Rossi အီတလီစားသောက်ဆိုင်တစ်ဆိုင်အနီးတွင် ဒေသစံတော်ချိန် ည ၈ နာရီ မတိုင်မီ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အမည်မဖော်လိုသော အမျိုးသမီးတစ်ဦးသည် စားသောက်ဆိုင်ထဲသို့ ဝင်ရောက်ရန်ကြိုးစားခဲ့သော် လည်း လုံခြုံရေးအစောင့်တစ်ဦးက တားဆီးခဲ့ကြောင်း ရုရှားအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီက ပြောခဲ့သည်ဟု နိုင်ငံပိုင် RIA သတင်းဌာနက ဖော်ပြခဲ့သည်။
အဆိုပါ အမျိုးသမီး၊ လုံခြုံရေးအစောင့်တစ်ဦးနှင့် စားသုံးသူ တစ်ဦးတို့သည် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ကြောင်း သတင်းက ဖော်ပြခဲ့သည်။
ဒဏ်ရာရရှိသူများသည်လည်း ပြင်းထန်သောဒဏ်ရာအမျိုးမျိုးရရှိခဲ့၍ စိုးရိမ်ရသော အခြေအနေတွင် ရှိကြကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရုရှားနိုင်ငံပိုင် RIA သတင်းဌာနက ထုတ်လွှင့်ခဲ့သော ဗီဒီယိုတွင် အခင်းဖြစ်ပွားရာနေရာ၌ လက်နက်ကိုင်ဆောင်ထားသော ဥပဒေစိုးမိုးရေးအရာရှိများ အများအပြားချထားပြီး အများပြည်သူ မဝင်ရောက်ရန် ပိတ်ထားခဲ့ကြောင်း တွေ့ရသည်။
အာဏာပိုင်များက သေဆုံးသူ သို့မဟုတ် ဒဏ်ရာရသူများ၏ အမည်ကို မဖော်ပြခဲ့သလို မည်သူ့တွင် တာဝန်ရှိသည်ဟု ထင်မြင်ကြောင်းလည်း မပြောဆိုခဲ့သေးပေ။
ယူကရိန်းနှင့် စစ်ပွဲဖြစ်ပွားပြီး လေးနှစ်ကျော်အကြာ ယခုနှစ်အစောပိုင်းတွင် ယူကရိန်းတွင်တာဝန်ရှိ သည်ဟု ရုရှား၏ FSB လုံခြုံရေးဌာနက ပြောကြားခဲ့သော လုပ်ကြံသတ်ဖြတ်မှုများနှင့် သတ်ဖြတ်ရန် ကြိုးပမ်းမှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက် အာဏာပိုင်များက အဆင့်မြင့်စစ်ဘက်အရာရှိများအတွက် ကာကွယ်မှုကို တိုးမြှင့်သွားမည်ဟု ပြောကြားခဲ့သည်။
Kommersant နေ့စဉ်သတင်းစာက ၎င်း၏ကိုယ်ပိုင်သတင်းရင်းမြစ်များကို ကိုးကား၍ ဗုံးသည် စားသောက်ဆိုင်၏ နွေရာသီလသာဆောင်တွင် ပျော်ရွှင်စွာနေထိုင်နေသော ဧည့်သည်များကို ကိုယ်လက်အင်္ဂါချို့ယွင်းစေပြီး သေဆုံးစေရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။
ဗုံးကို အခြားသူတစ်ဦးက အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ဗုံးကိုင်ဆောင်ထားသော အမျိုးသမီးသည် ပေါက်ကွဲစေတတ်သော ပစ္စည်းတစ်ခုဖြစ်ကြောင်း မသိရှိခဲ့နိုင်ကြောင်း သတင်းစာက ပြောခဲ့သည်။
စားသောက်ဆိုင်၏ ဝက်ဘ်ဆိုက်တွင် သြဂုတ်လ ၁ ရက်၌ ပုဂ္ဂလိကပွဲတစ်ခုကျင်းပရန်အတွက် နေရာကို ပိတ်ထားခဲ့ကြောင်း ဖော်ပြထားသည်။
Ref-Reuters
